ငပလီကမ်းခြေက ဟိုတယ်များတွေကို အရေးယူပေးဖို့ ရခိုင်လွှတ်တော်မှာ အစိုးရကိုတိုက်တွန်း

 

စစ်တွေ၊ ဖေဖော်ဝါရီ ၁၄

ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်အတွင်းက အပမ်းဖြေစခန်းတစ်ခုဖြစ်တဲ့ ငပလီကမ်းခြေမှာရှိနေတဲ့ ဟိုတယ်နဲ့ စားသောက်ဆိုင်လုပ်ငန်းတွေဟာ အများပိုင်အသုံးပြုခွင့်ရှိတဲ့ သဲသောင်ပြင်တွေမှာ အဆောက်အဦးဆောက်လုပ်ထားပြီး စီးပွားဖြစ်လုပ်ကိုင်နေကြတာမို့ ဒီမြေတွေဟာ အများနဲ့သက်ဆိုင်တဲ့မြေနေရာတွေဖြစ်တဲ့အတွက် အရေးယူမှုတွေလုပ်ပေးဖို့ ရခိုင်ပြည်နယ်လွှတ်တော်မှာ မေးခွန်းမေးမြန်းခဲ့ပါတယ်။

မေးခွန်းမေးခဲ့တဲ့ သံတွဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွယ်အေးက

“ငပလီကမ်းခြေမှာ ဟိုတယ်တွေက သူတို့ရဲ့ရှေ့မျက်နှာစာကို သူတို့ပိုင်ဆိုင်တယ်ဆိုပြီးတော့ လုပ်ချင်ရာလုပ်နေကြတယ်။ အဆောက်အဦးတွေဆောက်နေကြတယ်။ ဒါကြောင့် ကမ်းခြေရဲ့ပုံရိပ်တွေကျလာတယ်။ ခရီးသွားတွေစိတ်ဝင်စားမှုအား နည်းလာတယ်။ အခုလို ဥပဒေမဲ့ကျူးကျော်ထားတဲ့အဆောက်အဦးတွေကို ဖယ်ရှားပေးဖို့အတွက် မေးခွန်းမေးမြန်းရတာ ဖြစ်ပါတယ်။”လို့ ဆိုပါတယ်။

အခုလိုမျိုးကျူးကျော်ထားတဲ့ ဟိုတယ် ၇ ခုရှိနေပြီး အရေးယူပေးဖို့ တိုင်တန်းခဲ့ရာမှာတော့ ဟိုတယ်တစ်ခုတည်းကိုသာ အရေးယူမှုတွေပြုလုပ်ထားပြီး ကျန်တဲ့ဟိုတယ်တွေကို အရေးယူဆောင်ရွက်ခြင်းမရှိတဲ့အတွက် အစိုးရရဲ့သဘောတရားကို မေးမြန်းခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့က ကျူးကျော်တဲ့ဟိုတယ်အကုန်လုံးကို အရေးယူပေးဖို့တိုင်တန်းတာပါ။ ဘယ်ဟိုတယ်ကိုတော့ အရေးယူတယ်။ ဘယ်ဟိုတယ်ကိုတော့ လွှတ်ထားတယ်ဆိုတာမျိုးမဖြစ်ရအောင်အတွက် ဥပဒေနဲ့အညီတောင်ရွက်ပေးဖို့ မေးတဲ့မေးခွန်းဖြစ်ပါတယ်။”လို့ ဦးနိုင်ကြွယ်အေးက ပြောပါတယ်။

အစိုးရအဖွဲ့ကတော့ အဲဒီဟိုတယ်တွေထဲမှာ တချို့ဟာ တပ်မတော်စစ်ထောက်ချုပ်ကနေ BOT စနစ်နဲ့ ငှားရမ်းထားတာတွေရှိနေပြီး တချို့ကိုတော့ အရေးယူမှုတွေပြုလုပ်ထားကြောင်းနဲ့ ကျန်တဲ့ဟိုတယ်တွေကို ဆက်လက်စီစစ်ဖို့အတွက် လွန်ခဲ့တဲ့ နှစ်ပတ်သုံးပတ်လောက်က ညွှန်ကြားထားကြောင်း လွှတ်တော်မှာဖြေကြားခဲ့ပါတယ်။

“ကမ်းခြေသာယာလှပရေးအတွက် ဒေသခံပြည်သူတွေ၊ လုပ်ငန်းရှင်တွေနဲ့ ဌာနဆိုင်ရာတွေပါဝင်တဲ့ စည်းကမ်းထိန်းသိမ်းရေး ကော်မတီတစ်ရပ်ကိုဖွဲ့စည်းထားပြီးဖြစ်ပါတယ်။ လုပ်ငန်းတာဝန်များလည်းခွဲဝေပေးထားပြီးဖြစ်ပါတယ်။ ချမှတ်ထားတဲ့စည်းမျှည်းစည်းကမ်းတွေကို ဒေသခံတွေနဲ့လုပ်ငန်းရှင်တွေလိုက်နာမှုမရှိတဲ့အတွက် ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်လျက်ရှိပါတယ်။”လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းဝန်ကြီး ဦးကျော်အေးသိန်းက ပြန်လည်ဖြေကြားခဲ့ပါတယ်။

ကမ်းခြေသဲသောင်ပြင်က အများနဲ့သက်ဆိုင်တဲ့မြေနေရာတွေမှာ တချို့ဟိုတယ်တွေက ရေကူးကန်တွေဆောက်လုပ်ထားရှိပြီး တချို့ဟိုတယ်တွေမှာ အဆောက်အဦးတွေ ဆောက်လုပ်ထားတာဖြစ်ကြောင်းနဲ့ ပြန်လည်ဖြေကြားချက်အပေါ်မှာ အားရကျေနပ်မှုမရှိဘူးလို့ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

“အစိုးရကအောက်ခြေကို ခိုင်းတဲ့အခါမှာ ဌာနတွေက ပြီးစီးအောင်မဆောင်ရွက်ဘဲနဲ့ အဖြစ်သဘောမျိုးပြတာတွေရှိတယ်။ အထက်ကိုတော့ဖျက်ပြီးပါပြီလို့ ညာတင်တာတွေရှိတာကိုး။ အစိုးရအဖွဲ့က အောက်ခြေကတင်ပြတာကို အမှန်ထင်နေတာ။ အောက်ခြေက စီစစ်ပြီးပြီဆိုတာတွေက မဟုတ်ဘူး။ ကျွန်တော်တို့ကို မျက်စိရှေ့မှာမြင်နေရတာတွေကို မေးမြန်းတဲ့အမေးမှာ အစိုးရကဖြေသွားတဲ့အပေါ်မှာ အားရကျေနပ်မှုမရှိဘူး”လို့ ဦးနိုင်ကြွယ်အေးပြောပါတယ်။

အခုလိုမျိုး ကမ်းခြေတစ်လျှောက်မှာ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းတွေ၊ ဟိုတယ်အဆောက်အဦးတွေကြောင့် လူသွားလမ်းတွေပါ ပျောက်ကွယ်လာတဲ့အနေအထားမျိုးရှိနေပြီး တချို့နေရာတွေမှာ လမ်းတွေကိုပိတ်ဆို့ပြီး အဆောက်အဦးတွေက် ဆောက်ထားတာကြောင့် ဒေသခံတွေနဲ့ မကြာခဏအငြင်းပွားမှုတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW