ရန်ကုန်မှာ မရနိုင်တဲ့ အညာစာတွေ ရန်ကုန်မှာတနေရာတည်းရမယ့် ပွဲဈေးလုပ်မည်

ရန်ကုန် ၊ဖေဖော်ဝါရီ ၁၄-၂၀၁၉

TGH (VOM)

ရန်ကုန်မှာ မရနိုင်တဲ့  အညာဒေသ အစားအစာတွေကို တစ်နေရာတည်းမှာ မြည်းစမ်းနိုင်မယ့် အညာပွဲဈေး တစ်ခုကို ရန်ကုန်မြို့မှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကနေ ၁၇ ရက်ထိ နှစ်ရက်ကြာပြုလုပ် သွားမယ်လို့ UKK လုံချည်လုပ်ငန်း တည်ထောင်သူ ဦးကျော်ရဲဟိန်းကဆိုပါတယ်။

“ ဒီပွဲရဲ့အဓိကက ရန်ကုန်မှာ ရှာဖို့လည်းမလွယ်ဘူး ၊ အညာရောက်မှပဲ စားလို့ရတဲ့ အစားစာတွေကို မိတ်ဆက်ပြသတာဖြစ်တယ်။ စီးပွားရေးအရလုပ်ဆောင်တာမဟုတ်ဘူး။ အစားအစာတွေကို ဘူဖေးစနစ် နဲ့စားသုံးရမှာဖြစ်တယ်။ ဒီပွဲမှာ မန္တလေးတိုင်းထဲက အစားအစာအများဆုံးပါမယ်။ ဥပမာ မုန့်လုံးရေပေါ်လိုဆို အားလုံးစားဖူးတယ်။ မုန့်လုံးရေပေါ်ကို ပြန်ကြော်ထားတာမျိုးကျတော့ ရန်ကုန်မှာ မစားဖူးဘူး။ ဒီလိုပေါ့။ အစားအစာတွေကိုလည်း သူအဆက်လိုက်အတိုင်း ရွေးချယ်ထည့်သွင်းထားတာ ဖြစ်တယ်”လို့ ပြောပါတယ်။

အဲ့ဒီ အညာပွဲဈေးမှာဆိုရင် ဦးပိန်းတံတားဝန်းကျင်မှာရောင်းချနေတဲ့အကြော်မျိုးစုံ ၊ အညာမုန့်ပစ်သလက် ၊ မုန့်ကျွဲသည်း ၊ ငချိတ်ပေါင်း ၊ အာပူလျှာပူ ၊ စစ်ကိုင်းခိုတောင်မုန့်တီ ၊ မန္တလေးနို့ထ မင်း ၊ မုန့်လက်ဆောင်း ၊ မုန့်မွှေးလုံး ၊ မုန့်လုံးရေပေါ်အကြော် ၊အညာထန်းရည် အချို အခါ ၊ ရုပ်သေးမြန်မာ့လက်ဖက်ရည် ဆိုပြီး အစားအစာအမျိုးပေါင်း ၁၃ မျိုးကိုစားသုံးနိုင်မှာဖြစ်ပါတယ်။

အညာအစားအစာတွေကို ကိုယ်တိုင်ယူစနစ် ဘူဖေးပုံစံနဲ့ စားသုံးနိုင်မှာဖြစ်ပြီး ဘူဖေးအတွက် လူတစ် ဦးကို မြန်မာကျပ်ငွေ ၁၅၀၀၀ တန်လက်မှတ်ဝယ်ယူဖို့လိုအပ်တယ်လို့သိရပါတယ်။ပွဲကို ညနေ ၅ နာရီ ခွဲကနေ ၉ နာရီထိပြုလုပ်မှာဖြစ်လို့ ၄င်းအချိန်အတွင်းမှာ မိမိတို့စိတ်ကြိုက်စားသုံးနိုင်မှာဖြစ်တယ်လို့ လည်းဆိုပါတယ်။

“ ရန်ကုန်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ပထမဆုံး စမ်းသပ်လုပ်ခဲ့သေးတယ်။ အဲ့ဒီတုန်းကတော့ ဘော်ဒါ တွေနဲ့မိတ်ဆွေအများစုနဲ့လုပ်ဖြစ်တာပေါ့။ ဒီမှာ လူတွေက အရမ်းစိတ်ဝင်စားတယ်။ ထပ်လုပ်ဖို့ တောင်းဆိုကြတယ်။ ဒါနဲ့ ခုလိုထပ်လုပ်ဖြစ်တယ်။ အရင်တစ်ခါနဲ့ ခုပွဲကွာတာက ခုကဘူဖေး၊ အရင်က ၀င်ကြေးပေးပြီး အထဲမှာကိုယ်စားချင်တာစားပေါ့။ အဲ့ဒီမှာ လူတွေအတွက်က စဉ်းစားစရာဖြစ်တယ် ၀င်ကြေးလည်းပေးရတယ် အထဲကျလည်းထပ်ဝယ်စားရတယ်ဆိုတာမျိုး။ ဒါကြောင့်ခုဘူဖေးလုပ်ကြည့် တယ်။ အမှန်ဆို အစားအစာတစ်မျိုးကို ၁၀၀၀ ပဲ တွက်ကြည့် ကျွန်တော်မြတ်မလားရှုံးမလားအရှင်းကြီး ပါ။ ဥပမာထန်းရည်ဆို လူတွေကသောက်ကြမှာပဲ၊ သောက်နေရင်းကုန်ပြီဆိုတာမျိုးလည်းမဖြစ်ရအောင် ကျွန်တော်ကတော့ အလုံအလောက်မှာထားတယ်။”လို့ ဦးကျော်ရဲဟိန်းက ထပ်မံပြောပါတယ်။

ယခုတစ်ကြိမ်ကျင်းပမယ့် အညာပွဲဈေးမှာတော့ ဖျော်ဖြေရေးအစီအစဉ်တွေအဖြစ် မြန်မာ့ရိုးရာစောင်း တီးခတ်တာ ၊ အက တွေထည့်သွင်းထားတယ်လို့လည်းသိရပါတယ်။ ဒီပွဲကိုတော့ ကမာရွတ်မြို့နယ် ၊ ဦးဝိစာရလမ်းမှာရှိတဲ့ UKK လုံချည်ဆိုင်ခွဲ ၀န်းထဲမှာပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

 

 

Related posts

Leave a Comment

VOM News

FREE
VIEW