၂၀၁၉ ခုနှစ်အတွက် Schuman Awards ဆုကို ရရှိသူများ

ရန်ကုန် ဖေဖော်ဝါရီ ၁၅-၂၀၁၉

TGH (VOM)

 

၂၀၁၉ ခုနှစ်အတွက် Schuman Awards ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် လူ့အခွင့်အရေးဆုကို ကျား/မရေးရာ နှင့် ငြိမ်းချမ်းရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူ ဒေါ်နန်ပူ ၊ငြိမ်းချမ်းရေးအတွက် တက်ကြွစွာလှုပ်ရှားဆောင်ရွက်သူ ဦးအောင်ကျော်မိုး နှင့် လူ့အခွင့်အရေးကို ကာကွယ်ပြောဆိုသူ ဦးရောဘတ်စန်းအောင်တို့မှ ရရှိခဲ့ကြောင်း သိရသည်။

မြန်မာနို်င်ငံမှာရှိတဲ့ ဥရောပသမဂ္ဂအဖွဲ့ကနေ တစ်ကမ္ဘာလုံးက တန်ဖိုးထားတဲ့ ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးများကို  မြှင့်တင်ရေးတွင် စွမ်းစွမ်းတမံ သယ်ပိုးဆောင်ရွက်သူများကို အသိအမှတ်ပြုသည့် Schuman Awards ဆုများကို နှစ်စဉ်ပေးအပ်လျက်ရှိရာ ယခုနှစ်အတွက်  မိမိတို့၏ အသက်အိုးအိမ်ကို အများပြည်သူတွက် နှစ်မြှုပ်ထားပြီး ၎င်းတို့၏ ရဲစွမ်းသတ္တိများသည် ပြည်သူအများ၏ဘဝများကို ထင်ရှားသည့် အကျိုးသက်ရောက်မှုဖြစ်စေပြီး မထင်ရှားသောပုဂ္ဂိုလ်များကို ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ကြောင်းသိရသည်။

 

Schuman Awards ဆုများချီးမြှင့်သည့် အခမ်းအနားတွင် ဥရောပသမဂ္ဂသံအမတ် Kristian Schmidt က “ခင်ဗျားတို့ အလင်းရောင်ကို လိုချင်ရင် အလင်းရောင်ကို ဆောင်ကြဉ်းပေးတဲ့မီးရှူးတိုင်ကို သယ်ဆောင်ပေးတဲ့သူတွေကို ကာကွယ်ပေးရမယ်။ သူတို့တတွေရဲ့အလင်းဟာ အကျဉ်းထောင် ဒါမှမဟုတ် နေအိမ်အကျယ်ချုပ်တွေ ကနေ ထွန်းလင်းပေးနေတာဖြစ်တယ်။ ဒီအကြောင်းကို  ကျွန်တော့်ထက် မြန်မာနိုင်ငံသားတွေက ပိုပြီးတော့ သိပါတယ်။ ခင်ဗျားတို့ စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေကို အဆုံးသတ်ချင်တယ်ဆိုရင် ဒါတွေကို ဆန့်ကျင်ပြီး ရပ်တည်နေသူတွေနဲ့အတူ ခင်ဗျားတို့အတူရှိနေဖို့ သတ္တိရှိရပါမယ်။ သူတို့တွေချည်း လျှောက်ဖို့ မသင့်ပါဘူး” ဟု ပြောသည်။

ဒေါ်နန်ပူသည် လက်ရှိတွင် ကချင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ပြည်သူများကိုယ်စား ငြိမ်းချမ်းစွာဆန္ဒပြမှုဖြင့် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် မြစ်ကြီးနားမြို့၌ ထောင်ဒဏ် ၆ လ ကျခံနေရသူဖြစ်ပြီး  ကချင်ပြည်နယ်အတွင်း ကာလကြာရှည်စွာဖြစ်ပွားနေသော ပဋိပက္ခများမှ ဒုက္ခရောက်နေသည့်  အမျိုးသမီးများကို တစ်စိုက်မတ်မတ်ကူညီပေးလျက်ရှိသည့်အပြင်  လူကုန်ကူးမှုပပျောက်ရေးနှင့် ပဋိပက္ခဇုန် အတွင်းတွင် လိင်အကြမ်းဖက်မှုဒဏ်ကို ခံစားခဲ့ရသော အမျိုးသမီးများအတွက်လည်း တရားမျှတမှုရရှိစေရန် လုပ်ဆောင်နေသူဖြစ်ကြောင်းသိရသည်။

ထို့အတူ ကိုအောင်ကျော်မိုး၏ Center for Social Integrity သည်လည်း ၂၀၁၇ ခုနှစ် ရခိုင်ပဋ္ဋိပက္ခဖြစ်ပြီးနောက်ပိုင်း မိသားစုထောင်ပေါင်းများစွာကို မရှိမဖြစ်လိုအပ်သော လူသားချင်း စာနာထောက်ထားမှု အကူအညီများပေးရုံသာမက မျိုးနွယ်စုများရှိ လူငယ်များနှင့် ထိတွေ့ပြီး  လူ့အဖွဲ့အစည်းတွင် ငြိမ်းချမ်းရေး တည်ဆောက်သူများ ဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးခဲ့ကြောင်းသိရသည်။

“ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကို ရှေ့နေတစ်ဦး၊ တစ်ချိန်တည်းမှာပဲ တက်ကြွလှုပ်ရှားသူ တစ်ဦးလို့ မြင်မိပါတယ်။ သူတို့နှစ်ဦးစလုံးဟာ လူတွေကို ကာကွယ်ပေးဖို့အတွက် လုပ်ဆောင်နေကြတာပါပဲ” ဟု ဦးရောဘတ်စန်းအောင်မှဆိုသည်။

ဦးရောဘတ်စန်းအောင်သည်လည်း လူ့အခွင့်အရေးချိုးဖောက်ခံရပြီး နိုင်ထက်စီးနင်းပြုကျင့်ခံရသူများ အတွက် တရားမျှတမှုကို သူ၏အသက်မွေးဝမ်းကြောင်း ရှေ့နေအလုပ်ဖြင့် လုပ်ဆောင်ပေးနေသူတစ်ဦးဖြစ်သည့်အပြင် ထိလွယ်ရှလွယ် အမှုများဖြစ်သည့် လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံရမှု၊ ကလေးစစ်သားအမှု၊ နိုင်ငံရေးအကျဉ်းသားအမှု၊ ကျောင်းသားတက်ကြွလှုပ်ရှားသူများအမှု စသည့်အမှုများလိုက်ရာ၌ လူသိထင်ရှား ရှုံ့ချဝေဖန်ခြင်းများကို ခံခဲ့ရရုံသာမက တစ်ခါတရံ အသက်ကိုခြိမ်းခြောက်ခံရသည်အထိပင်ဖြစ်ခဲ့ဘူးသူဖြစ်ကြောင်းသိရသည်။

Schuman Awards ဆုများကို  ၂၀၁၇ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် အမျိုးသားဒီမိုကရေစီချုပ်မှ ရှေ့နေဦးကိုနီ (ကွယ်လွန်)  ၊ ငြိမ်းဖောင်ဒေးရှင်းမှ  ဒေါ်ဂျာနန်းလတော် ၊   Equality Myanmar မှ အမှုဆောင် ညွှန်ကြားရေးမှုး  ဦးအောင်မျိုးမင်းတို့မှ ရရှိခဲ့ကြပြီး ၂၀၁၈ခုနှစ်တွင်မူ လူ့အခွင့်အရေး ကိစ္စရပ်များအတွက် ဆောင်ရွက်ခဲ့သည့်  ကိုဆွေဝင်း (Myanmar Now အယ်ဒီ တာချုပ်) ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ချယ်ရီဇောင်ဟောင်နှင့် အမျိုးသမီးများအခွင့်အရေး တက်ကြွ လှုပ်ရှားသူ ဒေါ်ခင်သန်းထွေးတို့က ရှုးမန်းဆုများ (Schuman Awards) ကို ရရှိခဲ့ကြောင်းသိရသည်။

Related posts

Leave a Comment

VOM News

FREE
VIEW