စစ်ကိုင်းတိုင်း အတွင်း လေပြင်းကြောင့် လူနေအိမ် ၁၅၀ နီးပါး ပျက်စီး

ဖေဖော်ဝါရီ ၁၉၊ ၂၀၁၉

မိုင်ချယ်ရီ (VOM)

 

စစ်ကိုင်းတိုင်းအတွင်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ လေပြင်းတွေကြောင့် လူနေအိမ် အလုံး ၁၅၀ နီးပါး အမိုးလန်ပျက်စီးတာတွေ အိမ်အလုံးလိုက် ပြိုကျတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ စစ်ကိုင်းတိုင်း ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲ မှု ဦးစီးဌာန ကပြောပါတယ်။

 

ရေဦးမြို့နယ်မှာ အိမ်၂လုံး အမိုးလန်ပျက်စီးပြီး၊ ကနီမြို့နယ်မှာ ရှိတဲ့ စေတီတွေရဲ့ စိန်ဖူးတော်မြေခခဲ့ပါတယ်။ ဒါ့အပြင် ဘုတလင်းမြို့နယ်မှာ အိမ်၂လုံး၊ ၀က်လက်မြို့နယ်မှာ အိမ် ၂၈ လုံး၊ ကောလင်းမြို့နယ်မှာ လူနေအိမ် ၂၁လုံး၊ ဘုန်းကြီးကျောင်းတစ်ကျောင်းနဲ့ စာသင်ကျောင်းဆောင် တစ်ဆောင်၊ ဒီပဲယင်းမြို့နယ်မှာ လူနေအိမ် ၉၃ လုံးနဲ့ စာသင်ကျောင်းဆောင် တဆောင်တို့ ပျက်စီးခဲ့တာ ဖြစ်ပါတယ်။

 

ဒီပျက်စီးခဲ့တဲ့ နေအိမ် အဆောက်အဦးတွေ နဲ့ ပတ်သတ်ပြီး စစ်ကိုင်းတိုင်း ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲ မှု ဦးစီးဌာန ကနေ ကူညီထောက်ပံ့တာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

 

“ဒီနေ့ပဲ ကူညီထောက်ပံ့တာတွေ လုပ်နေပါပြီ အိမ်အမိုးလန်တာကျတော့ ပျက်စီးတဲ့ သွပ်အချပ်ပေါ် မူတည်ပြီး ၂သောင်းထက် မနည်း ၇သောင်းခွဲထက် မများပေါ့နော် ပြိုတဲ့အိမ်ကျတော့ တစ်သိန်းထောက်ပံ့တယ်။ အမိုးလန်တဲ့ အိမ်ကျတော့ ကယ်ဆယ်ရေး ပစ္စည်း၅မျိုး ပြိုတဲ့ အိမ်ကျတော့ ကယ်ဆယ်ရေးပစ္စည်း ၁၀မျိုး ထောက်ပံ့တယ်။သေဆုံးသူကျတော့ ၃သိန်း ထောက်ပံ့တယ် “လို့ တိုင်းဒေသကြီး ဘေးစီမံဌာနမှ ညွန်ကြားရေးမှူး ဦးစဝီလီဖရန့်က ပြောပါတယ်။

 

ဒီလို လေပြင်းတွေ တိုက်ခတ်တာနဲ့ အတူ မိုးကြိုးပစ် တာတွေ မိုးသီးကြွေကြတာတွေ ဖြစ်ပေါ်ခဲ့ပြီး မိုးကြိုးပစ်တာကြောင့် မင်းကင်းမြို့နယ် က အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး မြေပဲခင်းထဲ အလုပ်လုပ်ကိုင်နေချိန်မှာ မိုးကြိုးထိမှန်ပြီး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

 

ဒါ့အပြင် မိုးသီးတွေ ကြွေကျတာကြောင့် ဘုတလင်မြို့နယ်က ဖရဲစိုက်ခင်း ဧကပေါင်းများစွာ ပျက်စီးခဲ့ပြီး တောင်သူတွေ အခက်​အခဲ ကြုံတွေ့နေရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW