၂၀၁၈ ခုနှစ်အကယ်ဒမီအတွက် ရွှေစင်ကြယ် သယ်ပေးမယ့် အကူမောင်မယ်တွေရွေးချယ်

 

ရန်ကုန် ဖေဖော်ဝါရီ ၂၅-၂၀၁၉

သင်းသဒ္ဒါ

 

 

ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ်၊ ၀င်္ကဘာလမ်းမှာရှိတဲ့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှာ အနုပညာရှင်တွေရဲ့ မျိုးဆက်တွေနဲ့ တက်သစ်စ သရုပ်ဆောင်တွေကို မြန်မာ့ရုပ်ရှင် အကယ်ဒမီ အတွက် ရွှေစင်ကြယ် သယ်ဆောင်ပေးမည့် အကူမောင်မယ်တွေအဖြစ် ဒီနေ့မနက်ပိုင်းမှာ ရွေးချယ်မိတ်ဆက်ခဲ့ပါတယ်။

 

“အနုပညာရှင်တွေရဲ့ ရင်သွေးတွေပါတယ်။ နောက်မျိုးဆက်သစ် လူငယ်တွေ ပါပါတယ်။ စိစစ်ပြီးတော့ ရွေးချယ်လိုက်တာပါ။ မဆင့်တို့က တရားဝင်ကြေငြာထားတာ မဟုတ်ပဲ တိုင်ပင်ရွေး ချယ်လိုက် ကြတာပါ။ မဆင့်တို့က တိုးတိုးတိတ်တိတ်ရွေးချယ်ကြတာပါ။ ဘယ်သူမှ မသိတာပါတယ်။ မျှတမှုရှိအောင်တော့ ရွေးလိုက်ပါတယ်။ အရပ်ကို ကြည့်ပြီးတော့ အတွဲလေးတွေ တွဲပေးလိုက်တာပါ” လို့ ထပ်ဆင့်အကယ်ဒမီ မေသန်းနုက ဆိုပါတယ်။

 

၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကို မတ်လ ၂၃ ရက်နေ့ ညနေပိုင်း၊ မရမ်းကုန်းမြို့နယ် Yangon Convention Center မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

 

မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ အကယ်ဒမီ ရွှေစင်ရုပ်တုကို သယ်ဆောင်ပေးကြမယ့်  အကယ်ဒမီ အကူမောင်မယ်အဖြစ် အုပ်သာကျော်၊ ဘုန်းမင်းနေလ ၊ သီဟအောင်၊ ထက် လင်းအောင်၊ မင်းသန့်ကိုကို ၊ ဆောင်းယွန်းစံ ၊မေတိုးခိုင် ၊ဝင့်မှုံသန့် ၊ နန်းရွှေရည် နှင့် သဇင်ထူးမြင့်တို့ကို ရွေးချယ် ခဲ့ပါတယ်။

 

အဆိုပါ လူရွေးပွဲမှာတော့ အကယ်ဒမီများရှင်တွေဖြစ်ကြတဲ့ ရန်အောင်၊ မို့မို့မြင့်အောင်၊ မေသန်းနု အတတ်ပညာရှင်တွေဖြစ်တဲ့ ဒါရိုက်တာ အိကေခိုင်၊ ကေခိုင်စိုးတို့က ရွေးချယ်ပေးခဲ့တယ်လို့ သိရပါတယ်။

 

အကယ်ဒမီ အကူမောင်မယ်တွေအတွက် ဝတ်စုံတွေကို နန်းတက်မင်းသား ပိုးထည်တိုက်က ဒီဇိုင်နာ ဇော်ဇော်(အမရပူရ) က ဖန်တီးပေးမှာဖြစ်ပြီး၊ ဖိနပ်ကို Lily၊ လက်ဝတ်ရတနာတွေကိုတော့ ရွှေနန်းတော်က ဆင်မြန်းပေးမယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ-သင်းသဒ္ဒါ

Related posts

Leave a Comment

VOM News

FREE
VIEW