ပါကစ္စတန် လေပိုင်နက်ထဲဝင်ရောက်ပြီး စစ်သွေးကြွစခန်းကို အိန္ဒိယတိုက်လေယာဉ်တွေ ဗုံးကြဲ

ဒေလီ၊ ဖေဖော်ဝါရီ-၂၆-၂၀၁၉

မျိုးဆက် (VOM)

 

ပါကစ္စတန်နိုင်ငံက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသရှိ စစ်သွေးကြွ အကြမ်းဖက်တွေရဲ့ အဓိက စခန်းတစ်ခုကို အိန္ဒိယ တိုက်လေယာဉ် ၁၂ စင်းက ၀င်ရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အပြီးတိုင်ဖျက်ဆီးခဲ့တယ်လို့ ဖေဖော်ဝါရီ ၂၆ ရက် မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ စီးနှင်းမှုအပြီး နာရီအနည်းငယ်အကြာမှာ အိန္ဒိယတာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။

 

အဆိုပါ စီးနှင်းတိုက်ခိုက်မှုကို ဒေသစံတော်ချိန် နံနက် ၃ နာရီ ၃၀ မိနစ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အကြမ်းဖက်သမားတွေ ထိန်းချုပ်ထားတဲ့နေရာတွေမှာ ၁၀၀၀ ကီလိုဂရမ် ဗုံးတွေကြဲချခဲ့တယ်လို့ ဆိုပါတယ်။

 

ပါကစ္စတန်က ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာရှိတဲ့ ဘာလာကုတ်မှာ အိန္ဒိယတိုက်လေယာဉ်တွေက ဖေဖော်ဝါရီ ၂၆ ရက် အစောပိုင်းက ပါကစ္စတန်လေပိုင်နက်ထဲဝင်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပါကစ္စတန်စစ်ဘက် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး အာဆစ်ဂါဖိုးက ပြောပါတယ်။

 

အိန္ဒိယလေတပ်ရဲ့ စီးနှင်းတိုက်ခိုက်မှုမှာ စစ်သွေးကြွ အရေအတွက်များစွာ သေဆုံးခဲ့တယ်လို့ အိန္ဒိယတာဝန်ရှိသူတွေက ပြောပါတယ်။

 

အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ ဖေဖော်ဝါရီ ၁၄ ရက် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် အိန္ဒိယတပ်ဖွဲ့ဝင် ၄၀ သေဆုံးခဲ့ပြီးနောက် ပါကစ္စတန်ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ ယခုလိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

 

အသေခံဗုံးခွဲတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တယ်လို့ ၀န်ခံထားတဲ့ Jaish-e-Mohammed အကြမ်းဖက်အဖွဲ့ကို ပါကစ္စတန်က လက်ခံပြီး အားပေးအားမြောက်ပြုလုပ်နေတယ်လို့ အိန္ဒိယက စွပ်စွဲထားပြီး နှစ်နိုင်ငံကြား တင်းမာမှုတွေမြင့်တက်နေပါတယ်။

 

Ref: Asia Time

Photo : Indian Air Force

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW