ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဗုံးပေါက် ကျေးရွာသားနှစ်ဦးသေဆုံး

ပုဏ္ဏားကျွန်း၊ ဖေဖော်ဝါရီ ၂၇-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် အထက်သင်းပုန်းတန်းကျေးရွာအုပ်စု သင်းပုန်းတန်းကျေးရွာက ဇနီးမောင်နှံနှစ်ဦးတို့ဟာ ဖေဖေါ်ဝါရီ၂၇ရက်နေ့ညနေ ၅ နာရီလောက်က လက်နက်ကြီးကျည်ဆံပေါက်ကွဲပြီး သေဆုံးသွားခဲ့ကြောင်းသတင်းရရှိပါတယ်။

 

အဲ့ဒီပေါက်ကွဲမှုကြောင့် သေဆုံးသူဇနီးမောင်နှံနှစ်ဦးတို့မှာ သင်းပုန်းတန်းကျေးရွာနေ ဦးမောင်ဦးထွန်း (ဘ) ဦးအောင်ကျော်သိန်း ၃၀ နှစ်နဲ့ ဇနီးဖြစ်သူ မဆန်းဝင်းတို့ဖြစ်ကြပြီး တောထဲသို့သစ်ခုတ်ရန်သွားစဉ် မပေါက်ကွဲဘဲရှိနေတဲ့ လက်နက်ကြီးကျည်ကိုတွေ့ရှိတဲ့အတွက် ဓါးဖြင့်ခုတ်ကြည့်ရာမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

 

“ပေါက်ကွဲမှုဖြစ်တာက ညနေ ၅ နာရီလောက်မှာဖြစ်တာပါ။ သူတို့လင်မယားနဲ့အတူ နောက်ထပ်ရွာသား နှစ်ယောက်ပါ ပါတယ်။ စုစုပေါင်း လေးဦးပေါ့။ သစ်ခုတ်ဖို့သွားကြတဲ့အခါ တောထဲမှာ အဲ့ဒီဗုံးသီးကိုတွေ့တယ်။ ရွာကိုယူလာဖို့အတွက် လှေပေါ်ကိုသယ်ယူလာခဲ့ကြတယ်။ အဲ့ဒီမှာ ကိုမောင်ဦးထွန်းက ဓါးနဲ့ခုတ်ကြည့်ရာမှာ ပေါက်သွားတယ်လို့ သိရပါတယ်။”လို့ ကျေးရွာသားတစ်ဦးကပြောပါတယ်။

 

အဲ့ဒီဗုံးသီးမှာ တိုက်ပွဲများဖြစ်ပွားစဉ်ကာလက ပစ်ခတ်ခဲ့တဲ့ဗုံးသီးဖြစ်နိုင်ကြောင်းနဲ့ ဗုံးသီးပေါက်ကွဲမှုကြောင့် လင်မယားနှစ်ဦးသေဆုံးသွားခဲ့ပြီး ကျန်နှစ်ဦးတို့မှာ ထိခိုက်မှုမရှိခဲ့ကြောင်း ကျေးရွာသားတွေကပြောပါတယ်။

 

“လေးယောက်မှာ နှစ်ယောက်ကတော့ ထိခိုက်မှုမရှိခဲ့ဘူး။ ဓါးနဲ့ခုတ်ကြည့်တဲ့ မောင်ဦးထွန်းက လှေပေါ်မှာပဲ ပွဲချင်းပြီးသေတယ်။ သူ့မိန်းမ မဆန်းဝင်းကတော့ ဒါဏ်ရာအပြင်းအထန်ရတဲ့အတွက် ပိုးရွှီးပြင်တိုက်နယ်ဆေးရုံကိုပို့တာ ရောက်တာနဲ့ဆုံးသွားပါတယ်။”လို့ ၎င်းကပြောပါတယ်။

 

ဇနီးဖြစ်သူမဆန်းဝင်းမှာ ဒါဏ်ရာအပြင်းအထန်ရရှိခဲ့တာကြောင့် ပိုးရွှီပြင်ဆေးရုံမှာ ညနေ ၇ နာရီလောက်က သေဆုံးသွားခဲ့တာဖြစ်ပြီး အထက်သင်းပုန်းတန်းကျေးရွာဟာ မြန်မာ့တပ်မတော်နဲ့ AA တို့အကြားတိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တဲ့ တောဖျားချောင်းဒေသက စစ်ဘေးရှောင်တွေခိုလှုံလျက်ရှိနေတဲ့ ကျေးရွာတစ်ရွာဖြစ်ပါတယ်။

 

#voiceofmyanmar#ပုဏ္ဏားကျွန်း#ရခိုင်#သင်းပုန်းတန်း#AA#ဗုံးသီး

 

Related posts

Leave a Comment

VOM News

FREE
VIEW