အချိန်အခါမဟုတ်မိုးကြောင့် ရခိုင်ဒေသတွင်း ဒုက္ခသည်စခန်းများ အခက်တွေ့

ကျောက်တော်၊ မတ် ၇-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်အတွင်း အခုရက်ပိုင်းအတွင်း ရွာသွန်းနေတဲ့ အချိန်အခါမဟုတ်မိုးကြောင့် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ်တွေမှာရှိနေတဲ့ ကယ်ဆယ်ရေးစခန်းတွေက ဒုက္ခသည်တွေ အခက်အခဲနဲ့ ကြုံတွေ့နေကြပါတယ်။

 

မတ်လ ၅ ရက်နေ့ညကနေ စတင်ပြီးတော့ ရခိုင်ပြည်နယ်အတွင်းမှာ မိုးသည်းထန်စွာ ရွာသွန်းနေတာကြောင့် ယာယီကယ်ဆယ်ရေးစခန်းတွေမှာ မိုးရေတွေပြည့်လျှံနေပြီး နေထိုင်ရေး၊ ချက်ပြုရေးတွေ အဆင်မပြေဖြစ်လာလို့ နီးစပ်ရာကျေးရွာတွေကို ပြောင်းရွှေ့နေကြရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

 

“ကျွန်တော်တို့စခန်းမှာ ယာယီတဲတွေနဲ့ပဲ နေကြတာဆိုတော့ အခုမိုးရွာလိုက်တာနဲ့ အကုန်လုံး အခက်အခဲဖြစ်တာပေါ့။ မိုးရေတွေက အောက်ကဝင်၊ အပေါ်ကဝင်နဲ့ စိုကုန်တယ်။ အိပ်လို့လည်းမရဘူး။ ချက်ပြုတ်စားသောက်ဖို့လည်း နေရာမရှိဘူး ဖြစ်သွားတယ်။ ဒါကြောင့် ဘုန်းကြီးကျောင်းနဲ့ ရွာထဲကိုဝင်ပြေးနေရတယ်”လို့ ကယ်ဆယ်ရေးစခန်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

 

အခုလိုမျိုး နေရေးထိုင်ရေးတွေ အခက်အခဲဖြစ်နေတဲ့ စခန်းတွေကတော့ ကျောက်တော်မြို့နယ်အတွင်းက ဝါးတောင်ကယ်ဆယ်ရေးစခန်း၊ ပုဏ္ဏားကျွန်းမြို့နယ်က ဖားကြွယ်၊ အထက်သင်းပုန်းတန်းစခန်းနဲ့ ရသေ့တောင်မြို့နယ်က စခန်းတွေဖြစ်ကြပါတယ်။

“လောလောဆယ်တော့ နေအိမ်တွေမှာ နေခွင့်ပေးထားပါတယ်။ ဒီလူတွေနေထိုင်ဖို့အတွက် ယာယီတဲတွေ လုံလုံခြုံခြုံ ဆောက်ပေးနိုင်ရင်တော့ ကောင်းမှာပါ။ အခုလိုမျိုး သွားနေရင်တော့ မိုးထပ်ရွာလာလို့ရှိရင် တော်တော်ဒုက္ခရောက်မယ့် အနေအထားရှိနေပါတယ်”လို့ စခန်းတာဝန်ခံက ပြောပါတယ်။

 

ရခိုင်ပြည်နယ်ဟာ မိုးရွာသွန်းမှုများတဲ့ ဒေသတစ်ခုဖြစ်ပြီး မတ်လအကုန်ပိုင်းလောက်က စတင်ပြီး မိုး ဆက်တိုက်ရွာတော့မှာဖြစ်ပေမယ့် အခုအချိန်မှာ မိုးက စောရွာတာကြောင့် နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်တွေကို အမိုးအကာအောက် ရောက်နိုင်ရေးအတွက် အရေးတကြီးဆောင်ရွက်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW