မြန်မာနိုင်ငံက မူးယစ်ဆေးတွေ တားဆီးဖို့ နတ်မြစ်တစ်လျှောက်မှာ စီစီတီဗီတွေ ဘင်္ဂလားဒေ့ရှ် တပ်မည်

ဒါကာ၊ မတ် ၈-၂၀၁၉

မျိုးဆက် (VOM)

မြန်မာနိုင်ငံက စိတ်ကြွရူးသွပ်ဆေးပြားတွေ နိုင်ငံအတွင်း မှောင်ခိုဝင်ရောက်နေတာကိုတားဆီးဖို့ရည်ရွယ်ပြီး မြန်မာနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ကော့ဘဇားခရိုင် အရှေ့တောင်ဘက်ရှိ နတ်မြစ်တစ်လျှောက်မှာ စီစီတီဗီကင်မရာတွေ တပ်ဆင်သွားဖို့ စီစဉ်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan က မတ် ၇ ရက်မှာ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဌာနက နတ်မြစ်တစ်လျှောက်မှာ စီစီတီဗီ ကင်မရာတွေ တပ်ဆင်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံက မူးယစ်ဆေးဝါး မှောင်ခိုတင်သွင်းတာတွေကို တားဆီးဖို့အတွက် နောက်ပိုင်းမှာတော့ မူးယစ်ဆေးဝါး ရှာဖွေရေးစက်တွေ ၊ စကန်နာတွေနဲ့ ခေတ်မီစက်ကိရိယာတွေ တပ်ဆင်သွားဖို့ အစီအစဉ်တစ်ရပ်ရှိတယ်လို့ အောက်လွှတ်တော်အမတ်ဖြစ်သူ Md Mujibul Haque ရဲ့ ကြယ်ပွင့်ပြမေးခွန်းကို ပြန်လည်ဖြေကြား ရာမှာ ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan ကပြောပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်ပိုင်နက်နယ်မြေအတွင်း ရာဘ မူးယစ်ဆေးဝါးတွေ မ၀င်ရောက်နိုင်ဖို့ သေချာတဲ့ ကာကွယ်ရေးအစီအစဉ်အဖြစ် စပိဘုတ်တွေနဲ့ နတ်မြစ်အတွင်း စောင့်ကြည့်သွားမယ်လို့လည်း ၎င်းကဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ မူးယစ်ဆေးဝါး ကင်းစင်ရေးဟာ အစိုးရအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး နိုင်ငံရဲ့လူငယ်မျိုးဆက်သစ်တွေ မူးယစ်ကင်းစင်ဖို့အတွက် နည်းလမ်းများစွာနဲ့ လုပ်ဆောင်သွားမယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

မူးယစ်ဆေးဝါးနဲ့ ပတ်သတ်ပြီး အလုံးစုံဆန့်ကျင်သည့် မူဝါဒကို ဆက်လက်ကျင့်သုံးသွားမှာဖြစ်ပြီး ဒီအတွက် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဌာန၊ ရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်ဖွဲ့နဲ့ ကမ်းခြေစောင့်တပ်ဖွဲ့တို့က ပူးပေါင်း ကာကွယ်သွားမယ်လို့ ၎င်းက ဆိုပါတယ်။

Ref : Daily Star  Photo : Dhaka

#voiceofmyanmar #ဘင်္ဂလားဒေ့ရှ် #နတ်မြစ်

 

Related posts

Leave a Comment

VOM News

FREE
VIEW