ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြောက်ဦးမှာ ဒုက္ခသည် ၃၀၀၀ ခန့်ထိတိုးလာ

မြောက်ဦး၊ မတ် ၉-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေး လာခဲ့သူအရေအတွက်ဟာ ၃၀၀၀ ဝန်းကျင်အထိ တိုးလာနေပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အတွင်းမှာ ကယ်ဆယ်ရေးစခန်း ၃ ခုသာရှိခဲ့ရာကနေ နေရပ်စွန့်ခွာထွက်ပြေးလာခဲ့သူတွေ များပြား လာနေတဲ့အတွက် မတ်လ ၅ ရက်နေ့ကစတင်ပြီး ကယ်ဆယ်ရေး စခန်းပေါင်း ၁၀ ခုကိုတိုးချဲ့ဖွင့်လှစ်ခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

“ပထမကတော့ အောက်သကန်စခန်း၊ တိန်ညိုစခန်းနဲ့ စေတီတောင်စခန်းသုံးခုပဲရှိတယ်။ အခုရက်ပိုင်းအတွင်းမှာတော့ လေးမြို့ဒေသမှာဖြစ်တဲ့တိုက်ပွဲတွေကြောင့် ထွက်ပြေးလာခဲ့သူတွေများပြားနေတာကြောင့် စခန်းတွေကိုတိုးချဲ့ပြီးတော့ ဖွင့်လှစ်ပေးထားရပါတယ်။”လို့ ကယ်ဆယ်ရေးစန်းတွေကို ထောက်ပံ့ကူညီပေးနေသူတွေကပြောပါတယ်။

ဖေဖော်ဝါရီလအတွင်းက ရမ်းချောင်းအတွင်းမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာခဲ့သူ အရေအတွက်ဟာ ၄၀၀ ကျော်သာရှိခဲ့ပေမယ့် လေးမြို့မြစ်ကြောင်းအတွင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခသည် ၂၆၀၀ ကျော်ထိ တိုးလာခဲ့တာဖြစ်ပါတယ်။

“ကျွန်မတို့ရွာနားမှာ တိုက်ပွဲတွေဖြစ်တယ်။ ချေင်းတစ်ဖက်ကဘုရားကြီးရွာမှာ ရှိနေတဲ့စစ်တပ်နဲ့ ပစ်ခတ်ကြတယ်။ ရွာကိုလက်နက်ကြီးကျည်တွေကျတယ်။ ဒါကြောင့် ထွက်ပြေးလာခဲ့ကြတာပါ။ ထိခိုက်မှာကိုကြောက်တယ်။ အခုထိ အဲ့ဒီရွာမှာ စစ်တပ်ကရှိနေတုန်းပဲ။ သူတို့မပြန်သရွေ့တော့ ကျွန်မတို့ရွာမပြန်ဘူး။”လို့ မော်ရွာဟောင်းကျေးရွာက ထွက်ပြေးလာခဲ့တဲ့ ဒေါ်အေးအေးနွယ်က ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ AA တို့အကြားတိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် မြို့နယ်ငါးမြို့နယ်အတွင်းမှာ စစ်ဘေးဒုက္ခသည်အရေအတွက်ဟာ အခုလအတွင်း တစ်သောင်းကျော်အထိ ရှိနေပြီဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီကသိရပါတယ်။

 

#voiceofmyanmar #မြောက်ဦး #ရခိုင်ပြည်နယ် စစ်ဘေးရှောင် #ဒုက္ခသည်

Related posts

Leave a Comment

VOM News

FREE
VIEW