ပင်စင်လစာတွေကို wave money နဲ့ထုတ်ယူနိုင်မယ့်စနစ်ထက် ဘဏ်အကောင့်ထဲပုံမှန်သွင်းပေးဖို့ လိုလား

ရန်ကုန်၊ မတ် ၁၅

TGH (VOM)

 

ပင်စင်လစာကို သုံးလတစ်ကြိမ် ဒါမှမဟုတ် ခြောက်လတစ်ကြိမ် လူတွေ့စစ်ဆေးခံပြီးမှ Wave Money ကနေထုတ်ယူနိုင်မယ့် ၀န်ဆောင်မှုထက်   ဘဏ်အကောင့်တစ်ခုဖွင့်လှစ်ပြီး ပုံမှန်ပေးချေတဲ့ စနစ်ကသာ အငြိမ်းစားတွေအတွက် အကောင်းဆုံးဖြစ်တယ်လို့ ပင်စင် အငြိမ်းစားဝန်ထမ်းတွေကပြောပါတယ်။

 

လက်ရှိမှာ မြန်မာ့စီးပွားရေးဘဏ်က နိုင်ငံဝန်ထမ်းအငြိမ်းစားယူထားသူတွေကို ဘဏ်မှာလာ ရောက်ထုတ်ယူတဲ့စနစ်အပြင် မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ Wave money ကနေလည်း ပင်စင်လစာထုတ်ယူနိုင်မယ့် စနစ်လုပ်နေတဲ့အပေါ် အခုလိုဝေဖန်အကြံပြုပြော ဆိုခဲ့တာဖြစ်ပါတယ်။

 

 

“wavemoneyနဲ့ ငွေထုတ်လို့ရတာသိတယ်။ဘဏ်မှာထုတ်တာက ပိုစိတ်ချရတယ်လို့ ခံယူတယ်။ဒါကြောင့်ဘဏ်မှာထုတ်တယ်။အချိန်တော့ပေးရတယ်။တန်းစီရတာရှိတယ်။နည်းနည်းတော့အလုပ်ရှုပ်တာပေါ့။တကယ်လို့သာ စီးပွားရေးဘဏ်အနေနဲ့ ပင်စင်စား  တွေကို ဘဏ်အကောင့်ဖွင့်ပြီးလစဉ် အဲ့ထဲကိုပုံမှန်လွှဲပေးနေမယ်ဆိုရင် အရမ်းကိုအဆင်ပြေတာပေါ့။ လကုန်ပြီးမှလည်းထုတ်ချင်ထုတ်မယ် ၊ လိုမှလည်းထုတ်ချင်ထုတ်မယ်။အဲဒီလိုစနစ်ကို လုပ်ပေးဖို့တောင်းဆိုချင်တယ် ။”လို့ တပ်ကြပ်ကြီးစာရေး ရာထူးနဲ့ လုပ်သက်ပင်စင်ရယူထားတဲ အငြိမ်းစား ဦးခင်ဝင်းက ပြောပါတယ်။

 

ပင်စင်လစာထုတ်ပေးတာနဲ့ပတ်သက်လို့ မြန်မာ့စီးပွားရေးဘဏ်အနေနဲ့ Wave Money ကနေငွေထုတ်ယူနိုင်တဲ့စနစ်ကို စီးပွားရေးဘဏ်ခွဲပေါင်း ၂၈၁ ခုအနက်  ရန်ကုန်မြို့ရဲ့ ဘဏ်ခွဲတွေထဲက ၈ ခုမှာကိုပဲ ချိတ်ဆက်အသုံးပြုနိုင်သေးတဲ့အခြေအနေ ဖြစ်ပါတယ်။

ဒါ့အပြင် အဲ့ဒီစနစ်မှာ အငြိမ်းစားတွေအနေနဲ့ ကိုယ်တိုင်အငြိမ်းစားလစာဆိုရင် (၆)လတစ်ကြိမ်၊ မိသားစုအငြိမ်းစားလစာဆိုရင် (၃)လတစ်ကြိမ် လူတွေ့စစ်ဆေးခံဖို့ လိုအပ်တယ်လို့ မြန်မာ့စီးပွားရေးဘဏ်ကထုတ်ပြန်ကြေငြာထားပါတယ်။

 

ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာ့စီးပွားရေးဘဏ်ရုံးချုပ် ၊ သုတေသနဌာနက တာဝန်ရှိသူတစ်ဦးက

“ရန်ကုန် ဘဏ်ခွဲ ၈ ခုမှာ လျှောက်လွှာတင်ပြီး WAVE နဲ့ထုတ်ဖို့ချိတ်ဆက်ထားတဲ့ ပင်စင်စားတွေပဲ တစ်နိုင်ငံလုံးက WAVE ဆိုင်တိုင်းမှာထုတ်လို့ရတဲ့အခြေအနေပါ။ ကျန်တဲ့နယ်ခွဲတွေကတော့ မရသေးဘူး။ဆင်းကဒ်ကတော့မိုင်တဲ ၊ အော်ရီဒူး ၊ အမ်အီးစီ ၊ အမ်ပီတီ ၊ တယ်လီနော ဆင်းကဒ်  အကုန်ရတယ်၊”လို့ဖြေကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ပင်စင်စားအများစုမှာ မြန်မာ့စီးပွားရေးဘဏ်တွေမှာပဲ သွားရောက်ထုတ်ယူနေကြရတယ်လို့ သိရပါတယ်။

ဓာတ်ပုံ -မြန်မာ့စီးပွားရေးဘဏ်

 

#voiceofmyanmar #ပင်စင်လစာ #wavemoney #အငြိမ်းစားဝန်ထမ်း

 

 

Related posts

Leave a Comment

VOM News

FREE
VIEW