မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုပြီးတဲ့အခါ အရင်ကထက် ၀န်ဆောင်မှု ပိုကောင်းမှာဖြစ်လို့ လက်မှတ်ဈေးနူန်းအပြောင်းလဲရှိနိုင်

 

ရန်ကုန် ၊မတ် ၁၈

TGH (VOM)

 

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းအဆင့်မြှင့်တင်နေတာတွေ အားလုံး ပြီးဆုံးတဲ့အခါ ဂျပန်နိုင်ငံကအသစ်ဝယ်ယူထားတဲ့ DEMU တွဲဆိုင်း တွေကို အစားထိုးပြေးဆွဲမှာဖြစ်ပြီး ဒီလိုပြေးဆွဲတဲ့အခါ  အရင်ကထက် ၀န်ဆောင်မှုပိုင်း ပိုကောင်းမွန်လာမှာဖြစ်တာကြောင့်လက်မှတ်ခတွေလည်း  အပြောင်းအလဲ ရှိနိုင်တယ်လို့  မြန်မာ့မီးရထား(အောက်မြန်မာပြည်ရုံး)ကနေ သိရပါတယ်။

“ဒီလမ်းပိုင်းကြီးတစ်ခုလုံး ပြီးသွားပြီဆိုရင် ရထားတွဲဆိုင်းတွေကအစ ဂျပန်နိုင်ငံက အသစ်ဝယ်ယူထားတဲ့ တွဲဆိုင်းတွေနဲ့ ပြေးဆွဲပေးသွားမယ်။ အရင်တုန်းက တွဲဆိုင်း ၆၆ ဆိုင်းဝယ်ယူမယ်လို့ ပြောထားတာ။ အခုက ဘတ်ဂျက်အနေအထားအရ ၆၄ ဆိုင်းပဲဝယ်နိုင်တော့တယ်။ အရင်ထက် facility ပိုကောင်းသွားမှာ ဖြစ်တဲ့အတွက် လက်မှတ်နှုန်းထားခကတော့ သူ့ဈေးနဲ့သူ အပြောင်းအလဲတော့ ရှိမှာပါ၊အဆင်မြှင့်တင်မှုတွေပြီးမှပဲ တွဲဆိုင်းတွေက ပြည်တွင်းကိုရောက်မှာဖြစ်တယ်” လို့  မြန်မာ့မီးရထား(အောက်မြန်မာပြည်ရုံးမှ) အထွေထွေမန်နေဂျာ ဦးဘမြင့်က ပြောပါတယ်။

လက်ရှိမှာတော့  မြို့ပတ်ရထားလမ်းပိုင်းရဲ့ အနောက်ဘက်ခြမ်းကို စတင်ဆောင်ရွက်နေပြီး မင်္ဂလာဒုံဘူတာကနေ ပုရွက်ဆိတ်ကုန်းဘူတာအထိကို မတ်လ ၂၉ ရက်နေ့အထိ လမ်းပိတ်ဆောင်ရွက်မှာဖြစ်ပါတယ်။

အချက်ပြစနစ်နဲ့ ဆက်သွယ်ရေးစနစ်တွေ အဆင့်မြင့်တင်တာ၊ DEMU တွဲဆိုင်း ၆၄ ဆိုင်းဝယ်ယူတာအပါအဝင် သံလမ်းပြုပြင်ခြင်းလုပ်ငန်းတွေကို ဂျပန်နိုင်ငံကနေ ODA ချေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၂၀၆. ၅၃ သန်းနဲ့ဆောင်ရွက်မှာဖြစ်ပြီး ရထားသံဘောင်ပြုပြင်တာ၊ ရထားလူကူးခုံးကျော်တံတားတွေ ပြန်လည်တည်ဆောက်ခြင်းနဲ့ ရထားဘူတာတွေ ခြံစည်ရိုးခတ်တဲ့ကိစ္စအတွက်ကိုတော့ နိုင်ငံတော်က ချပေးထားတဲ့ ဘတ်ဂျက်ငွေ ကန်ဒေါ်လာ ၉၄.၇၆ သန်းနဲ့  ဆောင်ရွက်သွားမယ်လို့သိရပါတယ်။ လမ်းပိုင်းတစ်ခုလုံးအတွက်စုစုပေါင်း ကုန်ကျစရိတ်အနေနဲ့ဆိုရင်   ၃၀၁.၂၉ သန်း ရှိတယ်လို့သိရပါတယ်။

#voiceofmyanmar #မြို့ပတ်ရထား #လက်မှတ်ဈေးနူန်း #တွဲဆိုင်းအသစ်

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW