တပ်မတော်ဘက်က ပစ်ခတ်မှုတွေကြောင့် မြောက်ဦးနဲ့ စစ်တွေမြို့တွေမှာ ဈေးတွေပိတ်ထား

 

မြောက်ဦး၊ မတ် ၁၉-၂၀၁၉

ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အပြင် မြောက်ဦးမြို့ပေါ်နဲ့အနီးဝန်းကျင်တွေမှာ မြန်မာ့တပ်မတော် ဘက်က ပစ်ခတ်တာတွေပြုလုပ်နေတဲ့အတွက် စိုးရိမ်ကြောက်လန့်ပြီးတော့ ဒီကန့မနက်ပိုင်းကစတင်ပြီး မြောက်ဦးမြို့က ဈေးကိုပိတ်ထားလိုက်ကြတာဖြစ်ပါတယ်။

အခုလိုမျိုး မြို့နဲ့အနီးဝန်းကျင်နေရာတွေမှာ ပစ်ခတ်မှုတွေရှိနေပြီး တပ်မတော်ဘက်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီး ကျည်တွေ ကျေးရွာအတွင်းကျရောက်ပြီး မီးလောင်တာတွေအပြင် ဒေသခံတွေကိုပါထိခိုက်မှုတွေရှိနေတာကြောင့် တစ်မြို့လုံးမှာဈေးဆိုင်ခန်းတွေကို ပိတ်သိမ်းထားကြတာဖြစ်ပါတယ်။

“ဒီကနေ့မနက်ပိုင်းကစပြီးတော့ ပိတ်လိုက်ကြတာပေါ့။ မြို့ပေါ်တွေမှာရော။ မြို့နဲ့အနီးအနားမှာပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတော့ ကြောက်ပြီး ပိတ်လိုက်တာဖြစ်ပါတယ်။ ဘာတွေဖြစ်လာမလဲမပြောနိုင်ဘူးလေ။ ဒါကြောင့် စိုးရိမ်ပြီးတော့ ပိတ်လိုက်ကြတာပါ။”လို့ ဈေးဆိုင်သည်တစ်ဦးကပြောပါတယ်။

ဒါ့အပြင် စစ်တွေမြို့မှာလည်း မြို့မဈေးကြီးကို မနက်တစ်ပိုင်းသာဖွင့်ခဲ့ပြီးတော့ နေ့လည်ပိုင်းမှာ ပိတ်လိုက်ကြတာဖြစ်ပါတယ်။

“လောလောဆယ်မှာတော့ မြောက်ဦးမှာတိုက်ပွဲဖြစ်တာမရှိဘူး။ စစ်တပ်ကနေ ပစ်ခတ်မှုတွေပြုလုပ်နေတာ ဒီကနေ့ဆိုရင် သုံးရက်ရှိပြီ။ တစ်ရက်ထက်တစ်ရက် ပြင်းထန်လာတယ်။ ဒေသခံတွေထိခိုက်ဒဏ်ရာတွေရကြတယ်ဆိုတော့ အပြင်မှာလည်း သွားလာတဲ့သူတွေ မရှိသလောက်ဖြစ်နေတယ်။ တစ်မြို့လုံးကစိုးရိမ်နေကြပါတယ်။”လို့ မြောက်ဦးမြို့ခံတစ်ဦးကပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ ၄ လခန့်ကစတင်ပြီးတော့ မြန်မာ့တပ်မတော်နဲ့ AA တို့အကြား တိုက်ပွဲတွေဖြစ်ပွားနေခဲ့တာ ကြောင့် မြို့နယ် ငါးမြို့နယ်အတွင်းမှာ ဒေသခံကျေးရွာသားတွေဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးခိုလှုံနေကြရတာဖြစ်ပါတယ်။

 

#voiceofmyanmar #ရခိုင်ပြည်နယ်သတင်း #မြောက်ဦး #တိုက်ပွဲ  #ဈေး

Related posts

Leave a Comment

VOM News

FREE
VIEW