တရုတ်မယားအဖြစ် ရောင်းစားခံရသူအများစု ပိတ်လှောင်ထားပြီး အဓမ္မအကျင့်ခံနေကြရ

ဗန်ကောက်၊ မတ်-၂၁ -၂၀၁၉

မျိုးဆက် (VOM)

 

 

ကချင်ပြည်နယ်က အမျိုးသမီးတွေအပါအ၀င် မြန်မာနိုင်ငံက မိန်းမငယ်တွေကို လိင်ကျွန် သို့မဟုတ် တရုတ်မယားအဖြစ် လူကုန်ကူးနေကြတာတွေကို မြန်မာနဲ့ တရုတ်နိုင်ငံ တာဝန်ရှိသူတွေက ရပ်တန့်အောင် လုပ်ဆောင်နိုင်ခြင်းမရှိဘူလို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ အစီရင်ခံစာတစ်ခုမှာ ဖော်ပြပါတယ်။

 

မြန်မာမိန်းကလေးတွေဟာ တရုတ်နိုင်ငံက အမျိုးသားတွေအတွက် သတို့သမီးအဖြစ် အမျိုးမျိုးသောနည်းလမ်းတွေနဲ့ လှည့်ဖြားပြီး ရောင်းစားခံနေရကြောင်း၊ သူတို့ထဲက အများစုကတော့ တရုတ်မိသားစုတွေက ပိတ်လှောင်ထားပြီး အဓမ္မပြုကျင့်ခံနေရတယ်လို့ မတ် ၂၁ ရက်မှာ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ထုတ်ပြန်တဲ့ “ ကလေးမွေးပေးပါမယ် ၊ တို့ကိုလွတ်မြောက်ခွင့်ပေးပါ “ လို့အမည်ပေးထားတဲ့ စာမျက်နှာ ၁၁၂ မျက်နှာရှိ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

 

တာဝန်ရှိသူတွေအနေနဲ့ လူကုန်ကူးအန္တရာယ်နဲ့ ပတ်သက်ပြီး အသိပညာပေးတာတွေကို တိုးမြင့်လုပ်ဆောင်ဖို့၊ နေရပ်ပြန်ရောက်လာသူတွေကို ထောက်ပံ့ပေးဖို့နဲ့ ပြစ်မှုကျူးလွန်သူတွေကို တရားစွဲဆိုဖို့ ဒီထက်ပိုလုပ်သင့်တယ်လို့ အစီရင်ခံစာမှာ အကြံပြုထားပါတယ်။

 

၂၀၁၇ ခုနှစ်မှာ ဒီလိုမျိုးလူကုန်ကူးခံရတာ ၂၂၆ ခုဖြစ်ပွားခဲ့ပြီး ဒါဟာ စုစုပေါင်းအရေအတွက်ရဲ့ အနည်းငယ်သော ပမာဏသာဖြစ်တယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုရင် လူကုန်ကူးခံရသူအများစုဟာ ဒီလိုဖြစ်ပျက်ခဲ့တာကို ပြန်ပြောပြဖို့ ကြောက်ရွံ့တာ၊ ရှက်တာတွေအပြင် အထူးသဖြင့် တရားဥပဒေရဲ့ အကာအကွယ်ထောက်ပံ့ပေးမှုအားနည်းတာတွေနဲ့ လူမှုဖူလုံရေးလိုမျိုး ထောက်ပံ့ကူညီမှုမရှိတာတွေကြောင့် လူမသိသူမသိ ဖြစ်စဉ်တွေရှိနေခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ဟာ ဒီလို တရုတ်မယားအဖြစ် ရောင်းစားခံရတဲ့ဖြစ်စဉ်က အသက်ရှင်လျက် ပြန်လည်လွတ်မြောက်လာသူ ၃၇ ဦးကိုတွေ့ဆုံမေးမြန်းပြီး အစီရင်ခံစာရေးသားခဲ့တာဖြစ်ပါတယ်။ ဒီလို တရုတ်မယားအဖြစ် ရောင်းချခံရတဲ့ ဈေးနှုန်းကတော့ မြန်မာမိန်းကလေးတစ်ဦးကို ဒေါ်လာ ၃၀၀၀ ကနေ ၁၃၀၀၀ အထိပေါက်ဈေးရှိတယ်လို့ ဆိုပါတယ်။

 

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က တွေ့ဆုံမေးမြန်းခဲ့တဲ့ မိန်းကလေးတွေဟာ လူကုန်ကူးခံရချိန်မှာ အသက် ၁၈ နှစ်အောက်တွေဖြစ်ပြီး အသက်အငယ်ဆုံးအဖြစ် ၁၄ နှစ်အရွယ်တွေလည်း ပါဝင်ပါတယ်။ ၎င်းတို့ထဲက ၂၂ ဦးကတော့ တရုတ်နိုင်ငံမှာ တစ်နှစ် သို့မဟုတ် ဒီထက်ကြာကြာ ထိန်းသိမ်းခံခဲ့ရတယ်လို့ ပြောဆိုကြပါတယ်။

 

Ref : Daily Mail Photo : AP

#voiceofmyanmar  #မြန်မာမိန်းကလေးများ #တရုတ်မယား #လူ့အခွင့်အရေးအဖွဲ့

Related posts

Leave a Comment

VOM News

FREE
VIEW