ဘူးသီးတောင်မှာ ဗုံးခိုကျင်းထဲပုန်းအောင်းသား ၄ ဦးနဲ့ နေအိမ်ပေါ်မှာရှိနေသူတစ်ဦး လက်နက်ကြီး ကျရာက်သေဆုံး

 

ဘူးသီးတောင်၊ မတ် ၂၂-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာမှာ မတ်လ ၂၁ ရက် မနေ့က ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးတော့ ဗုံးခိုကျင်းထဲပုန်းအောင်းနေတဲ့ ကျေးရွာသား ၄ ဦးနဲ့ နေအိမ်ပေါ်မှာရှိနေတဲ့ အမျိုးသမီးကြီးတစ်ဦး လက်နက်ကြီးကျရောက် သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီပစ်ခတ်မှုဖြစ်စဉ်ဟာ မနေ့က နေ့လည် ၂ နာရီလောက်မှာ ကျေးရွာကို တပ်မတော်စစ်ကြောင်းကဝင်ရောက်လာခဲ့ပြီး ညနေ ၇ နာရီလောက်မှာ စတင်ပစ်ခတ်ခဲ့တာဖြစ်ပြီးကျေးရွာအတွင်းလက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အခုလိုသေဆုံးခဲ့ရတာဖြစ်တယ်လို့ ရွာသားတွေကပြောပါတယ်။

“စပြီးပစ်တာက မနေ့က ညနေ ၇ နာရီလောက်မှာပါ။ ရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတော့ တစ်ရွာလုံးက ကြောက်ပြီးတော့ ဟိုမှာပုန်းဒီမှာပုန်းအဆင်ပြေသလို ပုန်းကြတာပေါ့။ အခုသေတဲ့မိသားစုက ဗုံးခိုကျင်းထဲမှာ ပုန်းနေတုန်း ကျင်းထဲကိုလက်နက်ကြီးကျည်ကျပြီး သေဆုံးသွားတာပါ။ နောက်ထပ်ပြီးတေ့လည်း ရွာထဲမှာ အဖွားကြီးတစ်ယောက် အိမ်ပေါ်မှာ ပုန်းနေတုန်း သေဆုံးသွားပါတယ်။”လို့ ရွာသားတစ်ဦးကပြောပါတယ်။

အဲ့ဒီပစ်ခတ်မှုဖြစ်စဉ်ဟာ တပ်မတော်အနေနဲ့ အကြောင်းမဲ့ပစ်ခတ်တာမဟုတ်ဘဲ စည်တောင်ကျေးရွာအတွင်းကနေ AA တပ်ဖွဲ့ဝင်တွေ တပ်မတော်စစ်ကြောင်းကို တိုက်ခိုက်တဲ့အတွက် အခုလိုပစ်ခတ်ရတာဖြစ်တယ်လို့ တပ်မတော်ဘက်က ပြောပါတယ်။

“ကျွန်တော်တို့ရွာထဲမှာ ဘယ် AA မှလည်းမရှိဘူး။ ရွာထဲက ပစ်ခတ်တာတွေလည်းမရှိဘူး။ စပစ်တာနဲ့ကို ရွာကိုပစ်တာပါပဲ။ တိုက်ပွဲဖြစ်တာလည်းမရှိဘူး။”လို့ ရွာသားတစ်ဦးကပြောပါတယ်။ ဒါ့အပြင် အဲ့ဒီဖြစ်စဉ်ကြောင့် ရွာသား ၅ ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ စည်တောင်ကျေးရွာသားများမှာ နီးစပ်ရာကျေးရွာများဖြစ်သည့် ဆင်ခုန်တိုင်နဲ့ စေတီတောင်ကျေးရွာတွေကို ထွက်ပြေးခိုလှုံနေကြရတယ်လို့ ဆိုပါတယ်။

#voiceofmyanmr #ရခိုင်ပြည်နယ်သတင်း #ဘူးသီးတောင်

Related posts

Leave a Comment

VOM News

FREE
VIEW