ပျောက်ဆုံးနေတဲ့သူတွေ အသတ်ခံလိုက်ရသလား ဖမ်းဆီးထားတာလား သိချင်တယ်လို့ မိသားစုတွေကပြော

မြောက်ဦး၊ မတ် ၂၃-၂၀၁၉

ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မြောက်ပိုင်းဒေသ ရန်အောင်ပြင်ကျေးရွာအနီး ပတင်းကွင်းမှာ မြန်မာ့တပ်မတော်နဲ့ AA အဖွဲ့တို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ မြောက်ဦးမြို့နယ်က ဒေသခံ ၃ ဦးနဲ့ ကျောက်တော် မြို့နယ်က ဒေသခံ ၃ ဦးတို့ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီပျောက်ဆုံးနေသူတွေနဲ့ တစ်လကျော်ကြာတဲ့အထိ မိသားစုတွေအဆက်အသွယ်မရရှိကြသေးတာဖြစ်ပြီး ပေါက်ဆုံးနေ သူတွေဟာ အသတ်ခံလိုက်ရတာလား၊ ဖမ်းဆီးခံနေရတာလားဆိုတာကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက ထုတ်ပြန်ပေးဖို့ အတွက် မိသားစုတွေကပြောပါတယ်။

“ကျွန်မယောက်ျားနဲ့ သူ့ယောက်ဖက အဲ့ဒီနေ့မနက်က ဆိုင်ကယ်တစ်စီးနဲ့ ရမ်းချောင်းထဲကိုသွားပါတယ်။ အဲ့ဒီမှာ ထင်းခုတ် မလို့ ထင်းတောသွားဝယ်တာပါ။ တိုက်ပွဲဖြစ်တာကြားတော့ ကျွန်မကဖုန်းဆက်ကြည့်တယ်။ သူ့တို့သာကျော်ရွာမှာ ခဏနား နေတယ်လို့ပြောတယ်။ ၁၁ နာရီလောက်မှာ နောက်တစ်ခေါက်ဆက်လိုက်တော့ ဖုန်းကိုတခြားတစ်ယောက်ကိုင်တယ်။ ကိစ္စရှိလား။ မရှိရင်မဆက်နဲ့ဆိုပြီး ဖုန်းကိုပိတ်လိုက်တယ်။ ဗမာလိုလို ရခိုင်လိုလိုပြောတယ်။ အခုတစ်လကျော်ရှိပြီး ဘာအဆက်အသွယ်မှ မရဘူး။ သတ်လိုက်တယ်ဆိုလည်း သတ်လိုက်တာပေါ့။ ဖမ်းထားတယ်ဆိုလည်းဖမ်းထားကြောင်း ဘယ်သူတွေဆီမှာရှိတယ်ဆိုတာကို ကျွန်မတို့သိချင်ပါတယ်။”လို့ ကျောက်တော်မြို့နယ် ကျားနက်ကန်ကျေးရွာက ပျောက်ဆုံးနေသူ ဦမောင်ဝင်းစိန်၏ဇနီး ဒေါ်ဦးမြင့်သိန်းကပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ ပတင်းကွင်းနဲ့ အနီးဆုံးနေရာမှာရှိတဲ့ ရန်အောင်ပြင်ကျေးရွာက မြို့တိုင်းရင်းသား အသက် ၆၁ နှစ်အရွယ် ဦးလှထွန်းချေကတော့ အသက်ရှင်ရက်ရှိတော့မှာမဟုတ်ကြောင်း ဇနီးသည်ဒေါ်ဒါစိန်ကပြောပါတယ်။ “ကျွန်မယောက်ျားက အဲ့ဒီရွာနားမှာ ငရုပ်ခင်းကိုစောင့်နေတုန်း မနက်အစောကြီး ဖမ်းဆီးခံလိုက်ရတာပါ။ တိုက်ပွဲပြီးအဲ့ အချိန် သွားရှာတော့ တဲမှာမရှိဘူး။ တိုက်ပွဲဖြစ်တဲ့နေရာကိုသွားကြည့်တော့ သူ့ကိုဖမ်းပြီးတော့ ကြိုးနဲ့ချည်းထားတယ်။ တပ်ကဖမ်းထားတာပါ။ ကျွန်မကသူ့ကိုလွှတ်ပေးဖို့ပြောတော့ လွှတ်ပေးမယ်။ ပြန်သွားဆိုပြီးပြောလို့ပြန်လာရတယ်။ ခုထိပြန်မရောက်ဘူး။ သတ်လိုက်ပြီထင်ပါတယ်။ အခုကျွန်မတစ်ယောက်တည်း အားကိုးရာမဲ့နေပါတယ်။”လို့ ဇနီးဖြစ်သူ ဒေါ်ဒါစိန်ကပြောပါတယ်။

ဒါ့အပြင် ကျားနက်ကန်ကျေးရွာက ပျောက်ဆုံးနေသူသုံးဦးအနက် ဦးအေးသိန်းနဲ့ နောက်တစ်ယောက်ဟာ တိုက်ပွဲပြီးချိန်မှာ ရမ်းချောင်းအတွင်း စက်လှေနဲ့ထင်းပေါက်တွေကို သယ်လာစဉ် ရန်အောင်ပြင်ကျေးရွာအနားမှာ ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။

“ကျွန်မယောက်ျားက ပြောင်းချောင်းရွာကနေ စက်လှေနဲ့ထင်းသွားတင်တာပါ။ မနက်အစောကြီး ၅ နာရီလောက်ကနေ နေ့ချင်းပြန်သွားတာပါ။ သူတို့ထင်းနဲ့ပြန်လာတဲ့အချိန်မှာ တိုက်ပွဲဖြစ်တယ်လို့သိရတယ်။ ဒါကြောင့် သာကျော်ရွာမှာ နားနေခဲ့တယ်။ တိုက်ပွဲပြီးတော့ပြန်လာတယ်လို့သိရတယ်။ နောက်က ကျွန်အစ်မတို့စက်လှေလာတဲ့အချိန်မှာ သူ့စက်လှေကို ထင်းအပြည့်နဲ့ ရန်အောင်ပြင်ရွာနားမှာ ဆိုက်ထားတာကိုတွေ့ခဲ့ရတယ်လို့ပြောပါတယ်။ ဘယ်သူတွေဖမ်းသွားမှန်းကိုမသိရဘူး။ သေပြီလား။ ရှင်းသေးလားလည်းမသိရဘူး။”လို့ ဦးအေးသိန်းရဲ့ဇနီးသည် ဒေါ်အေးစိုးမေကပြောပါတယ်။

ရမ်းချောင်းဒေသအတွင်း ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၉ ရက်နေ့က တိုက်ပွဲတွေဖြစ်ပွားခဲ့ကြပြီး မကြာခင်ရက်ပိုင်းအတွင်းမှာ လူတွေကိုမီးရှို့ထားတဲ့ နေရာတစ်ခုကိုတွေ့ကျေးရွာသားတွေက ရှာတွေ့ခဲ့ကြတာဖြစ်ပါတယ်။ “အဲ့ဒီမီးရှို့ထားတဲ့နေရာကို ပျောက်ဆုံးနေတဲ့ ဦးလှထွန်းချေရဲ့မိသားစုတွေက ရှာတွေ့ခဲ့တာပါ။ ကျွန်တော်တို့ ရပ်မိရပ်ဖတွေနဲ့သွားကြည့်တော့ ဘယ်သူတွေလဲဆိုတာကို မပြောနိုင်တော့ဘူး။ ပြာပဲတွေ့တယ်။ လူတွေကိုမီးရှို့တဲ့ နေရာတော့ဟုတ်တယ်။”လို့ ရန်အောင်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်ကပြောပါတယ်။ အဲ့ဒီလူသေအလောင်းတွေကို မီးရှို့ပစ်ခဲ့တဲ့နေရာဟာ တိုက်ပွဖြစ်ပွားတဲ့အချိန်မှာ တပ်မတော်ဘက်က နေခဲ့တဲ့နေရာဖြစ်တယ်လို့ ဦးစိန်လှမောင်ကပြောပါတယ်။

 

#voiceofmyanmar #ရခိုင်ပြည်နယ် #စစ်ဘေးရှောင်

Related posts

Leave a Comment

VOM News

FREE
VIEW