အီးယူကနေ နှုတ်ထွက်ရေး ပါလီမန်ကခွင့်ပြုရင် ရာထူးကဆင်းပေးမယ်လို့ ဗြိတိန်ဝန်ကြီးချုပ်ကတိပြု

 

လန်ဒန်၊ မတ် ၂၈-၂၀၁၉

မျိုးဆက် (VOM)

ဥရောပသမဂ္ဂ (အီးယူ)ကနေ ဗြိတိန်နှုတ်ထွက်ရေးအတွက် ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေရဲ့ ဘရီဇစ် သဘောတူညီချက်ကို ပါလီမန်က ခွင့်ပြုမယ်ဆိုရင် သူ့အနေနဲ့ ရာထူးကနေ ဆင်းပေးဖို့ ကတိပြုတယ်လို့ မတ် ၂၇ ရက်မှာ ပြောဆိုလိုက်ပါတယ်။ ဥရောပသမဂ္ဂမှ နှုတ်ထွက်ရေးသဘောတူညီချက်အတွက် ပေးမဲဖို့နဲ့ပတ်သက်ပြီး အမတ်အချို့ရဲ့ စိုးရိမ်မှုတွေကို သူမအနေနဲ့ နားလည်ပြီး ပါလီမန်မှာ ဆွေးနွေးမှုမပြုလုပ်တော့ဘဲ အဖွဲ့ဝင် ၂၈ နိုင်ငံပါတဲ့ အီးယူနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကို အဆင့်နှစ်ဆင့်နဲ့ အလျင်အမြန်လုပ်ဆောင်ဖို့ လုပ်ပိုင်ခွင့်တစ်ရပ်ရယူသွားမယ်လို့ ၀န်ကြီးချုပ် ထရီဇာမေကပြောပါတယ်။

နိုင်ငံနဲ့ ပါတီအတွက် အခွင့်အရေးတွေကို လုပ်ကိုင်ဖို့ ရည်ရွယ်ထားပြီး အစောပိုင်းကတည်းက ၀န်ကြီးချုပ်ရာထူးကနေ နှုတ်ထွက်ဖို ပြင်ဆင်ထားတယ်လို့ ပါလီမန်မှာ ကွန်ဆာဗေးတစ် အမတ်တွေနဲ့ တံခါးပိတ် အစည်းအဝေးတစ်ရပ်မှာ သူကပြောပါတယ်။

ဗြိတိန်ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့နဲ့ ဥရောပသမဂ္ဂမှ ချောမွေ့ပြီး အစီစဉ်တကျ ထွက်ခွာဖို့ မိမိတို့ရဲ့ သမိုင်းပေးတာဝန်ကို အပြည့်အ၀လုပ်ဆောင်ဖို့ ဘရီဇစ်သဘောတူညီချက်ကို ထောက်ခံဖို့ကိုလည်း ထရီဇာမေက တိုက်တွန်းပြောဆိုပါတယ်။

ဥရောပသမဂ္ဂနဲ့ ဆွေးနွေးညှိနှိုင်းထားတဲ့ ၀န်ကြီးချုပ်ထရီဇာမေရဲ့ ဘရီဇစ်သဘောတူညီချက်ကို ဗြိတိန်ပါလီမန်က နှစ်ကြိမ်တိုင် ဆန့်ကျင်မဲပေးခဲ့ကြပါတယ်။ ယခုသတင်းပတ်အတွင်း သဘောတူချက်တစ်ရပ်ကို ပါလီမန်က ခွင့်ပြုခဲ့ပါက ဥရောပသမဂ္ဂမှ ဗြိတိန်တရားဝင်နှုတ်ထွက်ရမယ့် မတ် ၂၉ ရက်ကို အချိန်ထပ်တိုးပေးမယ်လို့ ဥရောပသမဂ္ဂ တာဝန်ရှိသူများကဆိုပါတယ်။

သဘောတူညီချက်မပါဘဲ ဗြိတိန်နှုတ်ထွက်ရေးအတွက် ကြိုတင်ပြင်ဆင်ထားတယ်လို့လည်း ဥရောပသမဂ္ဂက မတ် ၂၅ ရက်မှာ ကြေညာထားပါတယ်။ ဘရီဇစ်သဘောတူညီချက်နဲ့ ပတ်သတ်လို့ ဒုတိယအကြိမ် လူထုဆန္ဒမဲပေးဖို့အတွက် တောင်းဆိုမှုတစ်ရပ်ကို မတ် ၂၃ ရက်က လန်ဒန်မှာ ပြုလုပ်ခဲ့ပြီး ခန့်မှန်းခြေ လူပေါင်း တစ်သန်း ပါဝင်ခဲ့ကြပါတယ်။

Ref & Photo : UPI

#voiceofmyanmar #နိုင်ငံတကာသတင်း #ဗြိတိန် #ဥရောပသမဂ္ဂ

Related posts

Leave a Comment

VOM News

FREE
VIEW