ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေ

ကျောက်တော်၊ ဧပြီ ၁-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ မြန်မာ့တပ်မတော်နဲ့ AA တို့အကြား အခုရက်ပိုင်းအတွင်း တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေကြတာဖြစ်ပါတယ်။

 

မတ်လ ၃၁ ရက်နေ့ မနက်ပိုင်းက ကျောက်တော်မြို့နယ် ယိုးချောင်းဖျားဒေသ သလူချောင်းကျေးရွာအနီး မြန်မာ့တပ်မတော်နဲ့ AA တို့အကြား တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ကြပြီး မြန်မာ့တပ်မတော်ဘက်က လေယဉ်ပစ်ကူတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

 

“မနေ့က မနက် ၁၀ နာရီကျော်လောက်မှာ စပြီးတော့တိုက်ပွဲဖြစ်တဲ့အသံတွေကိုကြားရတယ်။ လက်နက်ကြီးတွေနဲ့လည်းပစ်တယ်။ သုံးနာရီလောက်အကြာဖြစ်ခဲ့တယ်။ လေယာဉ်တွေနဲ့ပစ်တာတွေလည်း ရှိခဲ့ပါတယ်။ ရွာတွေတော့ထိခိုက်တာမရှိခဲ့ဘူး။ သလူချောင်းအုပ်စုအတွင်းမှာဖြစ်တာပါ။”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

 

အဲ့ဒီတိုက်ပွဲဟာ ကျောက်တော်မြို့နယ် ယိုးချောင်းဖျားဒေသ သလူချောင်းအုပ်စု ဖက်ဝန်းချောင်းနဲ့ ခရုချောင်းကျေးရွာ အနီးမှာ ဖြစ်ပွားခဲ့ကြတာဖြစ်ပြီး လေယာဉ်တွေနဲ့ပစ်ခတ်တဲ့အထိ ပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

 

ဒါ့အပြင် ဘူးသီးတောင်မြို့နယ် ကွမ်းတောင်နဲ့ စပါးထားကျေးရွာအနီးမှာလည်း ဒီကနေ့ ဧပြီလ ၁ ရက်နေ့ မနက်ပိုင်းက တိုက်ပွဲတွေဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။

 

“မနက် ၈ နာရီလောက်ကစဖြစ်တယ်။ ၁၀ နာရီလောက်မှာတော့ ပြီးသွားတယ်လို့ကြားတယ်။ စပါးထားနဲ့ ကွမ်းတောင်နားမှာဖြစ်တာပါ။ မနေ့ကလည်း ဥယျာဉ်သာတို့ စဂိုးထောင်တို့ဘက်မှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်။ အဲ့ဒီမှာရှိတဲ့ ဒေသခံတွေလည်း ထွက်ပြေးနေကြတယ်လို့ သိရပါတယ်။”လို့ ဘူးသီးတောင်မြို့ခံတစ်ဦးကပြောပါတယ်။

 

မတ်လ ၃၁ ရက်နေ့ နေ့လည်ပိုင်းက ဘူးသီးတောင်မြို့နယ်အတွင်းရှိ ထိပ်ထူးပေါက် တောင်တန်းမှလက်နက်ကြီးများဖြင့်ပစ်ခတ်သည့်အတွက် ဥယျာဉ်သာ၊ စံဂိုးထောင်၊ သျှစ်သျှားတောင်၊ နွားရုံတောင်၊ ကွမ်းတောင် ကျေးရွာအနီးလက်နက်ကြီးကျည်တွေ ကျရောက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

 

#voiceofmyanmar #ရခိုင်မှာတိုက်ပွဲပြင်းထန်

Related posts

Leave a Comment

VOM News

FREE
VIEW