မန္တလေး ဧပြီ ၃-၂၀၁၉
PEN (VOM)
မတ်လ ၂၉ ရက်နေ့ ညပိုင်းက သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသားတွေ အစုလိုက်အပြုံလိုက် လွှတ်ပေးကြောင်း ဖေ့ဘုတ်လူမှုကွန်ယက်တင်သူတယောက်ကို မန္တလေးတိုင်း အကျဉ်းဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပုဒ်မ ၆၆ဃ နဲ့ အမှုဖွင့်တိုင်တန်းခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးကနေသိရပါတယ်။
ကျော်ထွေး facebook account ပိုင်ရှင်ဟာ သူ့ရဲ့ ကိုယ်ပိုင် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသားအစုံလိုက်အပြုံလိုက်လွှတ်ပေးတာ ဝမ်းသာပီတိဖြစ်ရပါတယ် သမ္မတကြီးရေ ခေါင်းစဉ်နဲ့“
ယနေ့သမ္မတကြီးအမိန့်နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူများစာရင်းမှာ အစုလိုက် အပြုံလိုက် လွှတ်ပေးတဲ့စာရင်းက ထူးခြားတယ်၊ AAI//W စာရင်းဝင်နိုင်ကျဉ်း (၃၆)ယောက်ကတော့ မထူးခြားပါဘူး။ တကယ်တူးခြားတာ တွေက အသက် (၇၅ ) နှစ်က အထက် စုစုပေါင်း (၅၆ ) ဦး လွှတ်ပေးလိုက်တယ်။ နောက်ပြီး ကျန်းမာရေး မကောင်းသူ (၁၄) ဦး ပါတယ်၊ သူတို့အားလုံးဟာလူ့ဘဝရဲ့ နောက်ဆုံးအချိန်တွေကို ထောင်ထဲကုန်ဆုံးရမှာကို သမ္မတကြီးမမြင်ရက်တဲ့ သမ္မတကြီးရဲ့ စေတနာမေတ္တာကိုတွေ့ရတယ်။ နောက်ထပ်အစုလိုက်အပြုံလိုက် လွှတ်ပေးလိုက်သူတွေထဲမှာ မူးယစ် ပုဒ်မ(၁၅ ဖြင့် ပြစ်ဒဏ်ကျ(၁၄၆၂)ဦး၊ မူးယစ်ပုဒ်မ ၁၆(ဂ ဖြင့် ပြစ်ဒဏ် (၃၂၂၀ )ဦး (ပြစ်ဒဏ်ကျရန်ကုန် ၃ နှစ်အောက်)၊ မူးယစ်ပုဒ်မ ၁၅/၁၆(ဂ) ဖြင့် ပြစ်ဒဏ်ကျ (၁၆၈၀)ဦး (ပြစ်ဒဏ်ကျရန်ကျန် ၃ နှစ်နှင့်အောက်)ပါတာ သတိထားမိတယ်၊ ပုဒ်မ ၁၅ က သုံးစွဲမှု၊ ပုဒ်မ ၁၆(ဂ) ကတော့သုံးစွဲရန်အလို့ငှာ လက်ဝယ်ထားရှိမှု၊ အကြီးစားရောင်းဝယ်ဖောက်ကားသူတွေး မုဒိမ်းမှု၊ လူသတ်မှု၊ ခိုးမှုတွေ မလွတ်တာ ပညာပါတယ်၊ ဒီထက် ပိုထူးခြားတာ တပ်မတော်အက်ဖြင့် ပြစ်ဒဏ် ကျခံနေရသူ(၁၈၃၅)ဦး၊ ရဲစည်းကမ်းထိန်းသိမ်းရေးဖြင့် ပြစ်ဒဏ်ကျခံနေရသူ (၁၄၁) ဦး လွတ်ငြိမ်းချမ်းသာမှာ ပါလာတာဘဲ၊ ဒါကြောင့် သမ္မတအမိန့်နဲ့ ပြန်လွတ်လာသူ(၈)ထောင်ကျော်မှာ လွတ်သင့် လွတ်ထိုက်သူတွေသာ ရွေးချယ်စိစစ်ပြီးလွှတ်လိုက်တာ တွေ့ရှိရသလို တိုင်းပြည် ပြန်လည်ထူထောင်ရေးနှင့်ပြည်သူ့အပေါ်မှာထားသည့် သမ္မတကြီး၏ စိတ်စေတနာကို မြင်တွေ့နိုင်ပါလိမ့်မည်၊ ယနေ့ ပြန်လည်လွတ်မြောက်လာသူများ သမ္မတကြီး၏ဆန္ဒအတိုင်း တိုင်းပြည်၏ တစ်ထောင့်တစ်နေရာက ပါဝင်အကျိုးပြုနိုင်ပါစေလို့ “ကိုကျော်ထွေးရဲ့ အကောင့်မှာ တင်ထားခဲ့တာပါ။
“ကျွန်တော်က အဲ့ဒီစာကို လိုင်းပေါ်မှာတွေ့လို့ ကော်ပီ(ကူးယူ)ပြီး တင်လိုက်တာပါ။ ကျွန်တော်ဘက်ကတော့ သတင်းအစစ်အမှန်လို့ ထင်လို့တင်လိုက်တာပါ။ ကျွန်တော်တင်ထားတဲ့အထဲမှာလည်း ဘယ်သူ့ဆီက ကော်ပီလုပ်ထားကြောင့် ထည့်ရေးထားပါတယ်“လို့ အမှုဖွင့်ခံထားရသူ ဦးကျော်ထွေးကပြောပါတယ်။
မူရင်းရေးသားဖြန့်ဝေသူကို အရေးမယူပဲ သူ့ကိုသာမှုဖွင့်ထားတာကိုလည်း ဥပဒေအတိုင်း ရင်ဆိုင်သွားမှာပါလို့ ကာယကံရှင် ကိုကျော်ထွေးကပြောပါတယ်။
#voiceofmyanmar #ဆက်သွယ်ရေးပုဒ်မ #၆၆ဃ #ကိုကျော်ထွေး # သတင်းမှားကို လူမှုကွန်ယက်တင်မိသူ ဆက်သွယ်ရေးပုဒ်မနဲ့ အမှုဖွင့်ခံရ