AA လက်နက်ကိုင်အဖွဲ့ ပလက်ဝမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ မနှောင့်ယှက်ရန် ခူမီးချင်းမျိုးနွယ်စု ကြေညာချက်ထုတ်

ပလက်ဝ ဧပြီ ၃-၂၀၁၉

မိုင်ချယ်ရီ(VOM)

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းမှာ လုပ်ကိုင်ဆောင်ရွက်နေတဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို AAလက်နက်ကိုင် အဖွဲ့အနေနဲ့ ပစ်မှတ်ထား တိုက်ခိုက်တာတွေ မလုပ်ဖို့ ခူမီးချင်းမျိုးနွယ်စုများရေးရာအတိုင်ပင်ခံကောင်စီ က ဧပြီလ ၂ ရက်နေ့ ရက်စွဲ နဲ့ ထုတ်ပြန်ကြေညာချက်လိုက်ပါတယ်။

 

ဒီလို ထုတ်ပြန်ရတာကတော့ ပလက်ဝမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်တဲ့ ကုလားတန်မြစ်ကူးတံတားစီမံကိန်း အစိတ်အပိုင်းတွေကို AA လက်နက်ကိုင်အဖွဲ့က မတ်လ (၁၉) ရက်နေ့က ဖျက်ဆီးခဲ့သလို မတ်လ ၃၀ ရက်နေ့မှာလည်း ပလက်ဝမြို့နဲ့ ဇိုရမ်ပူမြို့အကြား ကားလမ်းဖောက်လုပ်နေတဲ့ လုပ်ငန်းခွင်က အလုပ်သမားတွေကို ဖမ်းဆီးခေါ်ဆောင်တာတွေနဲ့ စက်ယန္တရားတွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် အခုလို ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

 

ကြေညာချက်ထဲမှာတော့ AA လက်နက်ကိုင်အဖွဲ့ အနေနဲ့ ပလက်ဝမြို့နယ်ရဲ့ တည်ငြိမ်အေးချမ်းရေး နဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ ကို ပစ်မှတ်ထားတိုက်ခိုက်တာ လုံးဝ မပြုလုပ်ဖို့အပါအ၀င် အချက်(၃) ချက်ကို ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

 

ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ခူမီးချင်းမျိုးနွယ်စုများရေးရာအတိုင်ပင်ခံကောင်စီ ညှိနှိုင်းရေမှူး ဦးစောမြ က

“သာမန် အရပ်သား အဖွဲ့အစည်း အနေနဲ့ကတော့ သူတို့ကို တုံ့ပြန်နိုင်ဖို့တော့ မရှိဘူး။ဆိုလိုတာက အစိုးရ တပ်ကိုပဲ အားကိုးရတော့မယ်။ကျွန်တော်တို့ လိုချင်တာလဲ အစိုးရ တပ်အနေနဲ့ ဒေသတွင်း လုံခြုံရေးကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပေးဖို့ပဲ။အမှန်က နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတဲ့ ယဉ်ကျေးမှု တရပ်ထွန်းကားစေချင်လို့ပါ” လို့ ပြောပါတယ်။

 

အဲ့ဒီထုတ်ပြန်ချက်ထဲမှာ နိုင်ငံတော် အစိုးရ နဲ့ တပ်မတော်တို့ကနေပြီးတော့ ပလက်ဝမြို့နယ် ရဲ့ တည်ငြိမ်အေးချမ်းရေး နဲ့ ဒေသဖွံ့ဖြိုးရေးကို ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးပါ ဆိုတဲ့ တိုက်တွန်းတဲ့ အချက်ကိုလည်း ထည့်သွင်းဖော်ပြခဲ့ပါတယ်။

၂၀၁၉ ခုနှစ် မတ်လ ၂၄ ရက်နေ့ အထိ နိုင်ငံတော်သမ္မတရုံး ရဲ့ ထုတ်ပြန်ထားတဲ့ အချက်တွေ အရ AA လက်နက်ကိုင်အဖွဲ့နဲ့ တပ်မတော်အကြား တိုက်ပွဲတွေကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ နေရပ်စွန့်ခွာထွက်ပြေးနေရသူ ဦးရေ ၅၄၆ ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။

#voiceofmyanmar #ရခိုင်ပြည်နယ် #ခူမီးချင်းမျိုးနွယ် #AA

Related posts

Leave a Comment

VOM News

FREE
VIEW