ဘန်ကောက် ခေါင်စန်လမ်းက သင်္ကြန်ပွဲကို နန်းတက်ပွဲကြောင့် ကန့်သတ်လိုက်

ဘန်ကောက် ဧပြီ ၄-၂၀၁၉

VOM

ထိုင်းနိုင်ငံရဲ့ စူန်းခရန် လို့ခေါ်တဲ့ သင်္ကြန်ပွဲတော် ကာလအတွင်း ဘန်ကောက်မြို့လယ်၊ ခေါင်စန်လမ်းမှာ နိုင်ငံခြားခရီးသွားတွေနဲ့ ဒေသခံတွေအတွက် စည်စည်ကားကား ကျင်းပလေ့ရှိတဲ့ သင်္ကြန်ပွဲကို ဒီနှစ်မှာ အကန့်အသတ်နဲ့ပဲ ကျင်းပခွင့်ရတယ်လို့ သိရပါတယ်။

ထိုင်းဘုရင်နန်းတက်ပွဲအတွက် ပြင်ဆင်မှုတွေ လုပ်နေချိန်နဲ့ သင်္ကြန်ကာလ တိုက်ဆိုင်နေတာကြောင့် ထိုင်းအာဏာပိုင်တွေက ခေါင်စန်လမ်းမှာ နှစ်တိုင်းကျင်းပတဲ့ သင်္ကြန်ပွဲကို ကန့်သတ်လိုက်တယ်လို့ ပွဲစီစဉ်သူတွေက ဆိုပါတယ်။

ထိုင်းဘုရင့် နန်းတက်ပွဲဟာ လာမယ့် မေလ ၄ ရက်နေ့ကနေ ၆ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပေမယ့်  နန်းတက်ပွဲအတွက် စီစဉ်မှုတွေ လုပ်နေတဲ့နေရာဟာ ခေါင်န်စန်လမ်း အနီးတဝိုက် ဖြစ်နေတာကြောင့် နန်းတက်ပွဲအတွက် စီစဉ်နေတာတွေနဲ့ သင်္ကြန်ပွဲ ရှုပ်ထွေးမှုတွေ ဖြစ်မှာနိုင်တဲ့အတွက် အခုလိုကန့်သတ်လိုက်တာလို့ အာဏာပိုင်တွေက ဆိုပါတယ်။

“ခေါင်စန်လမ်းက နန်းတက်ပွဲအတွက် ပြင်ဆင်နေတဲ့နေရာ အလည်ခေါင်မှာ ရှိနေတော့ အကယ်လို့သာ အရင်နှစ်တွေလို သင်္ကြန်ပွဲ လုပ်မယ်ဆိုရင် ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်လို့ မလုပ်တော့ဖို့ ဆုံးဖြတ်လိုက်တာပါ။ နန်းတက်ပွဲက ထိုင်းလူမျိုးတွေအတွက် အရေးကြီးတာကြောင့် တနှစ်လောက် ဒီနေရာမှာ သင်္ကြန်မကစားရလည်း ဘာမှမဖြစ်ပါဘူး၊ တခြားနေရာတွေ သွားကစားလို့ ရတယ်ဆိုတော့လေ” လို့ သင်္ကြန်ပွဲ စီစဉ်ပေးလေ့ရှိသူ ပီယာဘုထြာ ဇီဝရမွန်နိုင်ခွန်းက ပြောပါတယ်။

နိုင်ငံခြားသားခရီးသွားတွေအကြား ရေပန်းစားတဲ့ ခေါင်စန်လမ်းပေါ်မှာ ဘန်ကောက်မြို့ပေါ်က စီးပွားရေးလုပ်ငန်းအစုအဖွဲ့တွေက ရေပြွတ်သေနတ်တွေ၊ ဆေးရောင်စုံမှုန့်တွေနဲ့ လူတိုင်း အခမဲ့လာရောက် ရေကစားနိုင်အောင် နှစ်စဉ် စီစဉ်ပေးလေ့ရှိပါတယ်။

ခေါင်စန်လမ်းက သင်္ကြန်မှာ ရေကစားသူတွေဟာ တယောက်နဲ့တယောက် ရေသေနတ်တွေနဲ့ ပစ်ခတ်ကစားတာကို အထူးသဖြင့် ပြုလုပ်ကြတာကြောင့် ကမ္ဘာ့အကြီးဆုံး ရေသေနတ်ပစ်ခတ်ပွဲရယ်လို့ နိုင်ငံခြားခရီးသွားတွေအကြား ရေပန်းစားတာကြောင့် နှစ်စဉ်နှစ်တိုင်း ခေါင်စန်လမ်းသင်္ကြန်ကို လာရောက်လည်ပတ်သူတွေနဲ့  စည်ကားနေလေ့ရှိတယ်လို့ သိရပါတယ်။

 

ဒီနှစ်မှာတော့ ကန့်သတ်ချက်တွေကြောင့် အရင်နှစ်တွေလို စီးပွားရေးလုပ်ငန်းတွေရဲ့ ပံ့ပိုးမှုတွေ မရှိတော့ပေမယ့် ခေါင်စန်လမ်းက ဆိုင်တွေကတော့ သင်္ကြန်ကာလတွင်း မပိတ်ပဲ သင်္ကြန်ပါဝင်လိုသူတွေအတွက် ရေတွေပေးမယ်လို့ ဆိုပါတယ်။

ထိုင်းအာဏာပိုင်တွေကတော့ ထိုင်းနိုင်ငံအတွက် သမိုင်းဝင် နန်းတက်ပွဲအတွက် လမ်းပြင်တာ၊ မီးတိုင်တွေပြင်တာ စတာတွေ လုပ်နေတဲ့ နေရာပတ်ဝန်းကျင်တခုဖြစ်တဲ့ ခေါင်စန်လမ်းမှာ သင်္ကြန်ပွဲ လုံးဝ မကျင်းပဖို့ ထုတ်ပြန်ထားပါတယ်။

Ref: CAN

ဓါတ်ပုံ ဘန်ကောက်ဧည့်လမ်းညွန် -ကိုစိုင်း

 

#voiceofmyanmar #ထိုင်းသင်္ကြန် #ခေါင်စန်လမ်းသင်္ကြန် #ရေသေနတ်ပစ်ပွဲတော်

Related posts

Leave a Comment

VOM News

FREE
VIEW