ဖမ်းလို့ မကုန်နိုင်တဲ့  လိုင်စင်မဲ့ကားများ

ရန်ကုန် ၊ ဧပြီ  ၉-၂၀၁၉

TGH (VOM)

 

လိုင်စင်မဲ့ ကားတွေကို ဖမ်းဆီးအရေးယူမှုတွေလုပ်နေပေမယ့်လည်း ဖမ်းလို့ မကုန်နိုင်ဖြစ်နေတယ်လို့ ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံး(နေပြည်တော်)က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

ဒီနှစ် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ကနေ  မတ်လကုန်အထိ အချိန်သုံးလ အတွင်းမှာဆိုရင်လည်း လိုင်စင်မဲ့ကား ၁၀၀ ကျော်ကို ဖမ်းဆီးအရေးယူမှုတွေပြုလုပ်ထားတယ်လို့ သိရပါတယ်။

 

“ဖမ်းလေထွက်လေဖြစ်နေတယ် ။လိုင်စင်မဲ့ကားတွေကို တောက်လျှောက်ဖမ်းနေတယ်။ တစ်စီးဖမ်းမိရင် သူတို့က နှစ်စီးလောက်သွင်းနေလားမသိဘူး။”လို့ ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံး(နေပြည်တော်)က တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

 

လိုင်စင်မဲ့ယာဉ်မောင်းနှင်မှုကို တစ်နိုင်ငံလုံးအတိုင်းအတာ စီမံချက်နဲ့ ဖမ်းဆီးအရေးယူဆောင်ရွက်နေတာဖြစ်ပါတယ်။ဒါကြောင့် ခုနှစ် ဇန်နဝါရီလမှာ လိုင်စင်မဲ့ကား ၄၉ စီး၊ ဖေဖော်ဝါရီလမှာ  ၂၈ စီး၊ မတ်လမှာ လိုင်စင်မဲ့ကား  ၃၄ စီး ဖမ်းဆီးအရေးယူနိုင်ခဲ့တယ်လို့သိရပါတယ်။

 

ဒါဟာ ပြီးခဲ့တဲ့ နှစ်ထက် နှစ်ဆပိုပြီးဖမ်းဆီးရမိတာဖြစ်တယ်လို့သိရပါတယ်။ ၂၀၁၈ ခုနှစ်မှာက လိုင်စင်မဲ့ယာဉ် ၅၆၉ စီး ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ဒီလို လိုင်စင်မဲ့ယာဉ်မောင်းနှင်မှုတွေကျဆင်းဖို့အတွက် ပြည်နယ်၊တိုင်းဒေသကြီးအလိုက် စီမံချက်နဲ့ စစ်ဆေးဆောင်ရွက်တာတွေလည်းပြုလုပ်နေပါတယ်။

 

လိုင်စင်မဲ့ယာဉ်တွေဖမ်းဆီးအရေးယူ ဆောင်ရွက်တဲ့အခါ ပိုင်ရှင်နဲ့တကွ ဖမ်းဆီးရမိရင် ယာဉ်ပိုင်ရှင်ကို သွင်းကုန်/ထုတ်ကုန်ဥပဒေအရ ငွေဒဏ်အပြင် အနိမ့်ဆုံး ထောင်ဒဏ်၂နှစ်မှ ၅နှစ်အထိချမှတ်အရေးယူနိုင်သလို နှစ်ရှည်ထောင်ဒဏ်ပါ ချမှတ်အရေးယူဆောင်ရွက်နိုင်တယ်လို့သိရပါတယ်။

 

ပိုင်ရှင်မဲ့ဖြစ်ပါက ယာဉ်ကို နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းဆည်းပြီး လေလံတင်ရောင်းချတယ်လို့သိရပါတယ်။

 

#voiceofmyanmar #လိုင်စင်မဲ့ကား

ဓါတ်ပုံ အမြန်လမ်းရဲတပ်ဖွဲ့

Related posts

Leave a Comment

VOM News

FREE
VIEW