မြောက်ဦးမြို့နယ်မှာ တိုက်ပွဲပြင်းထန် အရပ်သားတချို့ထိခိုက်

မြောက်ဦး၊ ဧပြီ ၁၀-၂၀၁၉

ခိုင်လင်းစံ(VOM)

 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ ပြီးခဲ့တဲ့ညက မြန်မာ့တပ်မတော်နဲ့ AA တို့အကြား နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တာကြောင့် အရပ်သားတချို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

မနေ့က ည ၁၀ နာရီလောက်မှာ နှစ်ဖက်တိုက်ခိုက်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး  တပ်မတော်ဘက်က လေယာဉ်တွေနဲ့ ပစ်ခတ်မှုတွေလည်းရှိခဲ့တယ်လို့ ပြောပါတယ်။

“မြောက်ဦးမှာ မနေ့ညနေ ၃ နာရီလောက်ကနေ မြို့ဝန်းကျင်မှာ တပ်မတော်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာတော့ ကြားရတယ်။ ည ၁၀ နာရီလောက်မှာ စပြီးတော့ဖြစ်တယ်လို့သိရတယ်။ ကိုးသောင်းဘုရားရဲ့ မြောက်ဘက်ရဲတပ်ရင်း နားမှာဖြစ်တယ်လို့ ကြားတယ်။ တော်တော်လေးတော့ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ကြပါတယ်။”လို့ မြောက်ဦးမြို့ခံတစ်ဦးက ပြောပါတယ်။

 

အဲ့ဒီတိုက်ပွဲဟာ မြောက်ဦးမြို့ နန်းတော်ရာကုန်းနဲ့ အရှေ့ဘက် နှစ်မိုင်ခန့်အကွာ ကိုးသောင်းပုထိုးတော်ကြီး-ရတနာ့မာရ်အောင်-သကျမာရ်အောင်တို့အကြားမှာရှိတဲ့ ရဲတပ်ရင်းအနီးမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

“စဖြစ်တာကတော့ ရဲတပ်ရင်းအနားမှာဖြစ်ပါတယ်။နောက် မနက်ပိုင်း ၅ နာရီလောက်မှာတော့ လေယာဉ်တွေနဲ့ တိုက်ခိုက်မှုတွေရှိခဲ့တယ်။ လက်နက်ကြီးတွေနဲ့လည်းပစ်တာပေါ့။ အဲ့ဒီနားမှာရှိတဲ့ ချောင်းသစ်ကျေးရွာက နှစ်နှစ်အရွယ် မိန်းကလေးတစ်ယောက်တာ့ ဒဏ်ရာရတယ်လို့ သိရတယ်။ တခြားဘယ်နေရာတွေမှာ ထိခိုက်တာရှိနေလဲမသိရသေး ဘူး”လို့ မြောက်ဦးမြို့ခံကပြောပါတယ်။

 

အဲ့ဒီလိုပစ်ခတ်တိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တဲ့အတွက် အနီးနားမှာရှိတဲ့ကျေးရွာတချို့က ဒေသခံတွေဟာ ရွာမှာမနေရဲတဲ့အတွက် မြောက်ဦးမြို့ပေါ်ကို ထွက်ပြေးရောက်ရှိနေကြတယ်လို့ ပြောပါတယ်။

မနေ့ကတစ်ညတည်းမှာ ကိုးသောင်းပုထိုးတော်အနီးတစ်ကြိမ်၊ လေးမြို့မြစ်အနောက်ဘက်ခြမ်း လေညှင်းတောင်ကျေးရွာအနီးတစ်ကြိမ်၊ လေးမြို့မြစ်အရှေ့ဘက်ခြမ်း မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာအနီးမှာ တစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

#voiceoefmyanmar #ရခိုင်ပြည်နယ် #တိုက်ပွဲသတင်း #မြောက်ဦး

 

Related posts

Leave a Comment

VOM News

FREE
VIEW