ချပ်သင်းဘေးမဲ့တောရှိ ရွှေသမင်ကောင်ရေ အရင်နှစ်ကထက် ၅၀၀ ကျော် တိုးလာ

ဧပြီ ၂၂ ၊၂၀၁၉

မိုင်ချယ်ရီ(VOM)

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် အတွင်းမှာ တည်ရှိတဲ့ ရွှေသမင်တွေကို ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ချပ်သင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အတွင်းမှာ နေထိုင်ကျက်စားကြတဲ့ ရွှေသမင်ကောင်ရေ ဟာဆိုရင် ၂၀၁၈ ခုနှစ် ကထက် အကောင်ရေ ၅၀၀ ကျော် တိုးပွားလာတယ်လို့ ချပ်သင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံး က လက်ထောက်ညွန်ကြားရေးမှူး ဦးမင်းဆွေ က ပြောပါတယ်။

 

ချပ်သင်းဘေးမဲ့တော အတွင်းမှာ နေထိုင်တဲ့ ရွှေသမင်တွေကို စစ်တမ်းကောက်ယူတာတွေကို ဧပြီလ ၄ ရက်နေ့ ကနေ ၃ ရက်အကြာ ကောက်ယူခဲ့ရာမှာ အခင်နှစ်ကထက် အကောင်ရေ ၅၀၀ ကျော် တိုးပွားလာပြီး နောက်ဆုံးကောက်ယူထားတဲ့ စာရင်းအရ ဘေးမဲ့တော အတွင်းမှာနေထိုင်ကျက်စားတဲ့ ရွှေသမင်ကောင်ရေ ၁၄၀၉ ကောင်ရှိတယ်လို့ အုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။

ဒီဘေးမဲ့တော့ အတွင်းမှာ ၂၀၁၈ ခုနှစ် ဧပြီလ အတွင်းက ကောက်ယူခဲ့တဲ့ စာရင်းအရ နေထိုင်ကျက်စားတဲ့ ရွှေသမင်ကောင်ရေ ဟာဆိုရင် ၈၈၉ ကောင်ရှိခဲ့ပြီး အခုနှစ်ထပ်မံ ကောက်ယူခဲ့တဲ့ စာရင်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင် တစ်နှစ်တာ ကာလအတွင်း အကောင်ရေ ၅၂၀ အထိ တိုးပွားလာခဲ့တာ ဖြစ်ပါတယ်။

 

ဒီလို တိုးပွားလာတဲ့ အပေါ် လက်ထောက်ညွန်ကြားရေးမှူးဦးမင်းဆွေ က “ဒီဖက်ပိုင်းမှာ ကင်းလှည့်ထိန်းသိမ်းမှု လုပ်ငန်းလဲ ပိုပြီးတော့ လုပ်နိုင်လာတယ်။ပြီးတော့ မုဆိုးတွေ မဖမ်းဆီးနိုင်အောင် ကင်းလှည့် တားဆီးမှု ပိုပြီးတော့ လုပ်ဆောင်လာနိုင်တယ်။နောက်ပြီးတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်းပဲ ဒါကို အထူးအားပေးပြီးတော့ ဘေးမဲ့တော ထဲက စခန်းမှာကို ရဲ တပ်စိတ် တစ်စိတ် ပူးတွဲချထားပေးတယ်။ပေါက်ဖွားမှု နှုန်းက ပုံမှန်ဖြစ်နေပြီး သတ်ဖြတ်ခံရမှု နည်းလာတဲ့ အခါကျတော့ တစ်နှစ်ထက် တစ်နှစ် ကောင်ရေတွေက ပိုတိုးလာတယ်” လို့ ပြောပါတယ်။

 

၁၉၄၁ ခုနှစ် ဇွန်လ ၁၉ ရက်နေ့က စတင်တည်ထောင်ခဲ့တဲ့ ချပ်သင်းဘေးမဲ့တော ဟာဆိုရင် ၆၄၂၆၄ ဒသမ ၄၂ ဧက ရှိပါတယ်။ဒီဘေးမဲ့တော မှာ ရွှေသမင်တွေကို အဓိက ထိန်းသိမ်းစောင့်ရှောက်ထားပြီး ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေ လာရောက် လည်ပတ် ကြည့်ရှု့နိုင်ဖို့လည်း စီစဉ်ထားတာကြောင့် နေ့စဉ် ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်တွေ လာရောက်လည်ပတ်ကြတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

#voiceofmyanmar #ချပ်သင်းဘေးမဲ့တော #ရွှေသမင်

Related posts

Leave a Comment

VOM News

FREE
VIEW