မြန်မာနိုင်ငံရဲ့ လူဦးရေ ၁ သိန်းမှာ တီဘီရောဂါ ဖြစ်ပွားသူ ၃၅၈ ဦးရှိနေ

ရန်ကုန် ၊ဧပြီ ၂၅-၂၀၁၉

TGH(VOM)

 

မြန်မာနိုင်ငံရဲ့ လူဦးရေ ၁ သိန်းမှာ တီဘီရောဂါ ဖြစ်ပွားသူ ၃၅၈ဦးရှိနေပြီး သေဆုံးသူ ၅၀ ကျော်ရှိတယ်လို့ ကမ္ဘာ့တီဘီရောဂါအစီရင်ခံစာ ၂၀၁၈ အရသိရပါတယ်။

 

ပြည်နယ်တွေမှာ တီဘီဖြစ်ပွားနူန်း သိသိသာသာ ကျဆင်းသွားခဲ့ပေမယ့် ရန်ကုန်တိုင်း ဒေသကြီးရဲ့ တီဘီဖြစ်ပွားနှုန်းကတော့ သိသာတဲ့ကျဆင်းမှုမျိုး မရှိဘူးလို့လည်းသိရပါတယ်။

 

“ခုလို အခြေအနေမျိုးက  ပြည်သူ့ ကျန်းမာရေး ပြဿနာအဖြစ် ရှိနေဆဲဆိုတာတွေ့ရတယ်။ ဒါကြောင့် မြန်မာနိုင်ငံကို အဲ့ဒီ နိုင်ငံစာရင်းထဲကနေ ပယ်ဖျက်ခံရဖို့ကို လုပ်ဆောင်နေတယ်” လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဧပြီလ ၂၄ ရက်နေ့က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ နိုင်ငံတဝန်း တီဘီရောဂါဖြစ်ပွားမှုစစ်တမ်း ၂၀၁၇ -၂၀၁၈ ဆွေးနွေးပွဲမှာပြောကြားခဲ့တာဖြစ်ပါတယ်။

 

 

ဒီအခြေနေဟာ ပြီးခဲ့တဲ့နှစ်တွေနဲ့နှိုင်းယှဉ်မယ်ဆိုရင် တီဘီလျော့ကျာမှု အနေအထားဖြစ်သလို  မြန်မာနိုင်ငံရဲ့ တီဘီရောဂါဖြစ်ပွားမှုနှုန်းအရဆိုပါကလည်း  ၃.၅% ခန့် ကျဆင်းလာတာဖြစ်ပါတယ်။ခုလို ရောဂါဖြစ်ပွားမှုကျဆင်းလာခဲ့ပေမယ့်လည်း   ကမ္ဘာ့တီဘီ ရောဂါဖြစ်ပွားမှု အများဆုံး နိုင်ငံစာရင်း ၃၀ ထဲမှာ  မြန်မာနိုင်ငံက ပါဝင်နေဆဲဖြစ်တယ်လို့  နိုင်ငံတစ်ဝန်း တီဘီရောဂါ ဖြစ်ပွားမှု စစ်တမ်း ၂၀၁၇-၂၀၁၈ အရသိရပါတယ်။

 

လက်ရှိတီဘီရောဂါဖြစ်ပွားမှုနူန်း ရဲ့ (၇၃%) ကအမျိုးသားတွေဖြစ်ပြီး  တီဘီလူနာ(၅၀%) ကျော်က အသက်(၅၀)နှစ်နှင့်အထက် အသက်အရွယ်တွေမှာဖြစ်ပွားမှုရှိနေတယ်လို့ ဆိုပါတယ်။

 

နောက်ပြီးအမျိုးသားတီဘီ ရောဂါ တိုက်ဖျက်ရေးစီမံချက် ၂၀၁၈ ခုနှစ်စာရင်းတွေအရဆိုရင်လည်း တီဘီရောဂါလူနာ ၁၃၅၀၀၀ ကျော်ကို ကုသမှု ပေးခဲ့ပြီးဖြစ်ကြောင်းနဲ့  ကုသမှုအောင်မြင်မှုနူန်းအရ  ၈၇% ရှိလာပြီဖြစ်တယ်လို့ဆိုပါတယ်။

 

တီဘီရောဂါဟာ လူမှုစီးပွား အခြေအနေနဲ့ ဆက်စပ်နေတဲ့ ရောဂါဖြစ်ပြီး လူနေသိပ်သည်းခြင်း၊ ဆင်းရဲမွဲတေခြင်း၊ နေရာတစ်ခုကနေ တစ်ခုကိုရွေ့ပြောင်းနေထိုင်ခြင်း၊ နေ့စဉ်ဝင်ငွေရရှိဖို့အတွက် အလုပ်လုပ်ရခြင်း ၊  အာဟာရ မပြည့်ဝခြင်းစတဲ့ အချက်တွေနဲ့ တီဘီရောဂါဖြစ်ပွားမှု ပြ န့်ပွားမှုနှုန်းတွေက ဆက်စပ်နေပါတယ်။

 

ဒါကြောင့်  တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းကို ဝန်ကြီးဌာနတစ်ခုတည်း ဆောင်ရွက်လို့မရဘဲ ဌာနပေါင်းစုံ၊ INGO/ Local NGO၊ လူမှုအဖွဲ့အစည်း၊ လူထုအခြေပြုအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်း အားလုံး ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်တယ်လို့ပြောခဲ့ပါတယ်။

 

#voiceofmyanmar #တီဘီရောဂါ

Related posts

Leave a Comment

VOM News

FREE
VIEW