လက်ပံတောင်းပြဿနာပြေလည်ဖို့ ဒေသခံတွေနဲ့ တိုင်းအစိုးရဆွေးနွေး

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနဲ့ပတ်သတ်ပြီး ဒေသခံတောင်သူတွေနဲ့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့တာဝန်ရှိသူတွေဟာ ဧပြီလ ၂၉ ရက်နေ့က နယ်လုံဝန်ကြီး ရုံးခန်းမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

တွေ့ဆုံဆွေးနွေးရာမှာ ဒေသခံတောင်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်အစီရင်ခံစာအတိုင်း လိုက်နာဆောင်ရွက်ဖို့နဲ့ ဒေသခံတွေရဲ့ နစ်နာမှုတွေကို ပြန်လည်ကုစားပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒေသခံတောင်သူတွေရဲ့ ဆွေးနွေးချက်ကိုတော့ အစိုးရအဖွဲ့အနေနဲ့ ဝမ်ပေါင်ကုမ္မဏီကို ပေးပို့ညှိနှိုင်းပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲမှာ ဒေသခံတွေဘက်က တောင်သူ ၉ ဦးပါဝင်ပြီး တိုင်းအစိုးရအဖွဲ့ဘက်မှာတော့ နယ်လုံဝန်ကြီး၊ လယ်ဆည်ဝန်ကြီး၊ စည်ပင်ဝန်ကြီး နဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်တို့ ပါဝင်ပါတယ်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနဲ့ပတ်သတ်ပြီး ယခင်ကတည်းက ဒေသခံတွေနဲ့ အစိုးရအဖွဲ့တွေ့ဆုံဆွေးနွေးတာတွေရှိခဲ့ပေမည့် ယခုချိန်ထိ ဝမ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူတွေ ပါဝင်ခြင်းမရှိသေးပါဘူး။

ဒေသခံတွေဘက်ကတော့ ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့ကိုလာရောက်စဉ်မှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်အပါဝင် ဝမ်ပေါင်ဘက်မှ တာဝန်ရှိသူတွေကို တွေ့ဆုံပေးဖို့ တောင်းဆိုခဲ့ကြပါသေးတယ်။

ယခုပြုလုပ်တဲ့ ဆွေးနွေးပွဲခန်းအတွင်းကိုတော့ လာရောက်သတင်းရယူကြတဲ့ သတင်းထောက်တွေ ဝင်ခွင့်မရရှိခဲ့ကြပါဘူး။

ရိုက်ကူး/ပေးပို့ – ရန်နိုင်စိုး

Related posts

Leave a Comment

VOM News

FREE
VIEW