ပြည်ခိုင်ဖြိုးပါတီကို စွပ်စွဲတဲ့ပိုစ်ရှယ်မိလို့ ဇီးကုန်းမြို့ကအလှဖန်တီးရှင် ဆက်သွယ်ရေးဥပဒေနဲ့အမှုဖွင့်ခံရ

ဇီးကုန်း မေ ၁-၂၀၁၉

ဂျန်ကိုးလ်( VOM)

 

ပဲခူးတိုင်းအနောက်ခြမ်း ဇီးကုန်းမြို့နယ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ စ မပြင်ဆင်ရေး ဥပဒေပုဒ်မ၂၆၁ ပြင်ဆင်ပေးဖို့ ဇီးကုန်းမြိုမှာ ဧပြီလ၂၇ ရက်နေ့က ကြံ့ခိုင်ရေးပါတီကဦးဆောင်ပြီး  ဆန္ဒဖေါ်ထုတ်ခဲ့ရာမှာ  လူတစ်ဦး ၂၀၀၀ကျပ် ပေးရတယ်လို့ ညီသျှပ်အကောင့်ကပို့စ်ကို ဖြန့်ဝေခဲ့သူနတ်တလင်းမြို့က အလှဖန်တီးရှင် ကိုထိုက်ကို ဇီးကုန်းမြို့မစခန်းမှာ ကြံ့ခိုင်ရေးပါတီမြို့နယ်အတွင်းရေးမှုးက ဧပြီ၃၀ရက်နေ့မှာ အမှုဖွင့်လိုက်ပါတယ်။

 

 

 

“ဒီပိုစ့်နဲ့ပတ်သက်ပြီးတော့ ကျနော့်ကို ၆၈(က)နဲ့ ညိတယ်ဆိုပြီးတော့ တရားစွဲတာပါ။ ပြောရမယ်ဆိုရင်တော့ နည်းနည်းတော့ ထူးခြားတယ်။ ဒီလိုမျိုးက တစ်ခါမှမကြားဘူးဖူး။ မြင်လည်းမမြင်ဘူးဖူး။ ကျနော် ကိုယ်တိုင်တင်တဲ့ ပိုစ့်လည်းမဟုတ်ဘူးလေ။ တစ်ခြားအကောင့်ကနေပြီးတော့ ကိုဖရန့်ထဲမှာရှိတဲ့သူက တင်လိုက်လို့ ကိုယ်ကပြန်ပြီးတော့ ဟုတ်သည်မဟုတ်သည် မှန်သည်မမှန်သည် ဆိုတာသိလိုတဲ့စိတ်နဲ့ ရှယ်လိုက်တာလေးတစ်ခုပဲရှိတယ်။ တကယ်ဆိုရင် အကောင့်ပိုင်ရှင်ကိုအမှုဖွင့်ရမှာ။ အဲတာကိုမဖွင့်ပဲနဲ့ ကျနော်တို့ဖွင့်တယ် ဆိုတော့ ဒါစဉ်းစားစရာပေါ့”လို့ အမှုဖွင့်ခံရတဲ့ နတ်တလင်းမြို့နေသူ အလှဖန်တီးရှင် ကိုထိုက်ကပြောပါတယ်။

 

 

အဲဒီလိုအမှု့ဖွင့်ခံရပြီးသူရဲ့ဖုန်းကို ရဲကသက်သေခံအဖြစ်သိမ်းဆည်းခဲ့ပြီး မှတ်တမ်းပြုလုပ်စစ်ဆေးနေဆဲဖြစ်တယ်လို့ရဲမှတ်တမ်းမှာ ဖေါ်ပြထားပါတယ်။

 

ဒီကိစ္စနဲ့ပတ်သက်ပြီး ဇီးကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးဇော်လင်းထွန်းက “၂၇ ရက်နေ့မှာ လူထုထောက်ခံပွဲလုပ်တယ်ခင်ဗျ အဲတာမှာ တက်လာတဲ့ အင်အားတွေကို ငွေပေးပြီးတော့ ခိုင်းစေပြီးတော့ ခေါ်တယ်ဆိုပြီးတော့ ကျနော်တို့ကို ပုတ်ခတ်တိုက်ခိုက် စော်ကားမှုတွေနဲ့ရေးတဲ့အတွက်ပါ။ ရေးတာက ညီသျှပ်ဆိုတဲ့အကောင့်ရေးတာပါ။ အဲတာကို ရွှေထိုက်ဆိုတဲ့အကောင့်က ဆက်ပြီးတော့ ဖြန့်ဝေတာပေါ့။ ကျနော်တို့ရဲ့ ပါတီပုံရိပ်ကိုလည်း ထိခိုက်စေတယ်လေ မဟုတ်မမှန်ပဲနဲ့စွပ်စွဲရေးသားထားတာ ဖြစ်တဲ့အတွက် ကျနော်တို့က ဒီလိုဆောင်ရွက်တာပါ။ ညီသျှပ်အကောင့်ကို ဖွင့်မယ်ကြံတော့လည်း ဘယ်သူဘယ်ဝါမှန်း မသိဘူးဖြစ်နေတယ်ခင်ဗျ။”လို့ ပြောပါတယ်။

 

၂၀၁၉ ဧပြီလ ၁၉ ရက်နေ့အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃ နဲ့ အရေးယူခံထားရတဲ့ အမှုပေါင်း ၁၇၄ မှုရှိခဲ့ပြီး ယခင်း ဦးသိန်းစိန်အစိုးရလက်ထက်တွင် ၁၁ မှုရှိခဲ့ကြောင်း လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်လှုပ်ရှားမှု (အသံ) အဖွဲ့ သုတေသနပြုထားသည့် မှတ်တမ်းတွေအရသိရပါတယ်။

 

ဒီအမှုမှာတော့ ပ/၃၂၈ /  ၁၉   ဆက်သွယ်ရေး ဥပဒေပုဒ်မ  ၆၈(က) နဲ့ အမှုဖွင့်ပြီး သက်သေခံပစ္စည်းတွေကို သိမ်းထားသလို ဥပဒေအတိုင်း ဆောင်ရွက်နေတယ်လို့  ဇီးကုန်းရဲစခန်းက သိရပါတယ်။ ဒီလိုအလားတူဆက်သွယ်ရေးပုဒ်မနဲ့ အလှဖန်တီးရှင် ရွှေထိုက်ခေါ် ကိုထိုက်ကို နတ္တလင်းမြို့မရဲစခန်းမှာလည်း  တခြားသူတဦးက အမှုဖွင့်ထားသေးတယ်လို့ သိရပါတယ်။

 

#voiceofmyanar  #ဇီးကုန်း  #ကြံခိုင်ဖွံ့ဖြိုးရေးပါတီ #ဆက်သွယ်ရေးဥပဒေပုဒ်မ #၆၈(က)

 

ဓါတ်ပုံ မြေလတ်အသံ

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW