ရခိုင်နယ်စပ်လုံခြုံရေး လျှပ်စစ်မီးသွယ်တန်းဖို့ အရေးပေါ်ရန်ပုံငွေထဲကနေ ကျပ်သန်း ၆ရာနီးပါး လိုအပ်နေမှု လွှတ်တော်က အတည်ပြုပေးဖို့  ပြည်ထဲရေးပြော

နေပြည်တော်၊မေလ -၆- ၂၀၁၉

ဒီပ(နေပြည်တော်)

 

ရခိုင်ပြည်နယ် နယ်စပ်ဒေသလုံခြုံရေးအတွက် လျှပ်စစ်မီးသွယ်တန်း တပ်ဆင်ခြင်း လုပ်ငန်းများနှင့်စပ်လျဉ်းပြီး အရေးပေါ်ရန်ပုံငွေကနေ ငွေကျပ် ၅၈၇ဒသမ၄၃၇သန်း လိုအပ်နေမှုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးဖို့ မေလ(၆)ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှ ပြည်ထဲရေးဝန်ကြီးဌာနက ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်သူက ပြောကြားခဲ့ပါတယ်။

 

“ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အမှတ်(၁)နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့ရုံး ကွပ်ကဲမှုအောက်ရှိ ရခိုင်ပြည်နယ်နယ်စပ်ဒေသ နယ်မြေလုံခြုံရေး အခြေအနေအရ အမှတ်(၁)၊အမှတ်(၂) ၊ အမှတ်(၃)၊အမှတ်(၄) နယ်ခြားစောင့်ရဲကွပ်ကဲမှု တပ်ဖွဲ့ခွဲများ လုံခြုံရေးဆောင်ရွက်လျက်ရှိတဲ့ နယ်ခြားရေးရဲတပ်ဖွဲ့ခွဲများရှိ အုပ်ချုပ်မှုနဲ့ လူနေအဆောက်အဦများမှာ လျှပ်စစ်မီးမရရှိသည့်သေးတဲ့အတွက် လုံခြုံရေးအခြေအနေအရ လျှပ်စစ်မီးသွယ်တန်း တပ်ဆင်ရန် အရေးပေါ် လိုအပ်လျှက်ရှိနေတာကြောင့် စုစုပေါင်း ရန်ပုံငွေကျပ် ၅၈၇ ဒသမ ၄၃၇ သန်း လိုအပ်လျှက်ရှိပါတယ်”လို့ ဒုတိယ၀န်ကြီးက ပြောပါတယ်။

 

အဲဒီရန်ပုံငွေနဲ့ နယ်ခြားစောင့် ရဲကွပ်ကဲမှုတပ်ဖွဲ့ခွဲတွေမှာ လုံခြုံရေးအခြေအနေအရ ထရန်စဖော်မာများတပ် ဆင်ခြင်း ၊ လျှပ်စစ်မီးသွယ်တန်းခြင်း ၊ လုပ်ငန်းများမှာ အသုံးပြုသွားမှာဖြစ်ပြီးတော့ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ရခိုင်ပြည်နယ် နယ်စပ်ဒေသလုံခြုံရေး အခြေအနေများ ပိုမိုကောင်းမွန်စိတ်ချစွာနဲ့ တရားဥပဒေစိုးမိုးမှု လုပ်ငန်းများကို ထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်မယ့် အကျိုးရလာဒ်များ ရရှိနိုင်မှာဖြစ်တယ်လို့လည်း ဒုတိယ၀န်ကြီးက ဆိုခဲ့ပါတယ်။

 

လိုအပ်လျှက်ရှိတဲ့ ကုန်ကျငွေများကိုတော့ ငွေစာရင်းခေါင်းစဉ်လွှဲပြောင်းသုံးစွဲရာမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုငွေမှာ ပိုလျှံရန်ပုံငွေမရှိတဲ့အတွက် လျှပ်စစ်မီးသွယ်တန်းရန် စုစုပေါင်းရန်ပုံငွေကျပ် ၅၈၇ဒသမ ၄၃၇သန်းကို အရေးပေါ်ရန်ပုံငွေကနေ ခွင့်ပြုပေးနိုင်ဖို့ နိုင်ငံတော်သမ္မတရုံးထံ တင်ပြခဲ့ပြီးနောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ သဘောထားရယူကာ စီးပွားရေးရာကော်မတီကတစ်ဆင့် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဆင့်ဆင့်ကို တင်ပြခဲ့ရာမှာတော့ ခွင့်ပြုချက်ရရှိပြီးဖြစ်တယ်လို့ ဒုတိယ၀န်ကြီးကပြောပါတယ်။

 

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပါ အရေးပေါ်ရန်ုပုံငွေမှ ကျပ်၉၀၉၅ဒသမ၂၆၂သန်း ခွဲဝေသုံးစွဲခဲ့တဲ့ ကိစ္စရပ်များနဲ့ ပတ်သက်ပြီး လွှတ်တော်သို့ တင်ပြခဲ့ရာမှာတော့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ပါဝင်ခဲ့ကြောင်း သိရှိရပါတယ်။

 

အဆိုပါ ရန်ပုံငွေမှ ခွဲဝေသုံးစွဲထားမှုများနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် နာယကမှ မှတ်တမ်းတင်ကြောင်း ပြောကြားခဲ့ပြီး ကျန်ရှိနေတဲ့ ၀န်ကြီးဌာနအချို့က သုံးစွဲငွေအတွက် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

 

#voiceofmyanmar #ရခိုင်နယ်စပ် #အရေးပေါ်ရံပုံငွေ

Related posts

Leave a Comment

VOM News

FREE
VIEW