မီတာခများတိုးမြှင့်ကောက်ခံရန် ပြည်ထောင်စုအဆင့်မှ ခွင့်ပြုချက်ရရှိ မကြာခင် ပြောင်းလဲကောက်ခံမည်

ပင်လောင်း မေ ၇-၂၀၁၉

သစ်တော် (VOM)

 

 

အစိုးရအနေနဲ့ လျှပ်စစ်ဓာတ်အားခ အသုံးပြုခကို တိုးမြှင့်ကောက်ခံဖို့ ပြည်ထောင်စုလွှတ်တော်ကနေ ခွင့်ပြုချက်ရရှိပြီး မကြာခင် ပြောင်းလဲကောက်ခံသွားမယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးစိုင်းရှဲရ်တစ်လုံက ပြောပါတယ်။

 

“လက်ရှိမှာ အားလုံးသိကြတဲ့အတိုင်း လျှပ်စစ်ကို အလှည့်ကျစနစ်နဲ့ ခွဲဝေသုံးစွဲနေရတာဖြစ်ပါတယ်။ မီတာခတွေ အခွန်ခတွေ ပြန်ကြည့်မယ်ဆိုရင် အရှုံးတွေမြောက်များစွာ ပေါ်နေပါတယ်။ အစိုးရအနေနဲ့ ပြည်သူလူထုကို ဝန်ဆောင်မှုပေးတဲ့အခါမှာ ရန်ပုံငွေတွေ၊ ဘဏ္ဍာရေးတွေ တောင့်တင်းဖို့လိုအပ်ပါတယ်။ လျှပ်စစ်တစ်ယူနစ်ထုတ်လုပ်တဲ့ စရိတ်ဟာ ၁၀၀ အထက်မှာရှိပါတယ်။ ဒါပေမယ့် ပြည်သူလူထုကို ကောက်ခံတဲ့ နှုန်းထားက ၅၀ တောင်မရှိပါဘူး။ မီတာခတွေ တိုးမြှင့်ကောက်ခံဖို့ လုပ်နေပါပြီ။ ပြည်ထောင်စုအဖွဲ့ဆီကလည်း ခွင့်ပြုချက်ရပါပြီ။ မကြာခင်ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့တော်တော်လေး နစ်နာနေပါပြီ။ မျှမျှတတ တွေးဖို့လိုပါတယ်”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးစိုင်းရှဲရ်တစ်လုံက ပြောပါတယ်။

 

ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာအုပ်စု ပအို့စ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာကျင်းပတဲ့ တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံဆိုင်ရာများ ရှင်းလင်းတင်ပြချက်မှာ သူက အဲဒီအတိုင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

 

ဒါအပြင်နိုင်ငံတော်အနေနဲ့ နှစ်စဉ် ငွေကျပ် ဘီလျံ ၄၀၀ အရှုံးခံရောင်းချပေးနေရပြီးတော့ သုံးစွဲသူဦးရေ ပိုတိုးလာလေ ပိုအရှုံးပေါ်နိုင်တယ်လို့သိရပါတယ်။

 

ဒီအပြင်တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ နေ့စဉ်လျှပ်စစ်မဂ္ဂါဝပ် ၃၀၀၀ ထုတ်လုပ်နေပေမယ့် ရာနှုန်းပြည့် လျှပ်စစ်မီးမရရှိသေးလို့ ၂၀၃၀ ပြည့်နှစ်မတိုင်မီ ရာနှုန်းပြည့် လျှပ်စစ်မီးရရှိဖို့ ဆောင်ရွက်နေကြောင်းလည်းသိရပါတယ်။

 

#voiceofmyanmar #လျှပ်စစ်ဓါတ်အားခတိုးမြှင့်မည် #တီကျစ်

Related posts

Leave a Comment

VOM News

FREE
VIEW