ဆန်သယ်ယူခွင့် ပိတ်လိုက်သည့် အတွက် ပလက်ဝမြို့တွင် ဆန်ပြတ်လပ်

ပလက်ဝ မေ ၁၀၊၂၀၁၉

မိုင်ချယ်ရီ (VOM)

 

 

ချင်းပြည်နယ် တောင်ပိုင်း အစွန်ဆုံးမှာ တည်ရှိတဲ့ ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဖက်ကနေ ကုလာတန်မြစ်ကြောင်းအတိုင်း ဆန်သယ်ယူခွင့် ကို တပ်မတော်ဖက်ကနေ ပိတ်ထားတာကြောင့် ပလက်ဝမြို့ပေါ် ဆန်ဆိုင်တွေ မှာ ဆန်ပြတ်လပ်ပြီး ဆိုင်ပါပိတ်ထားလိုက်ရပြီ ဖြစ်တယ်လို့ ပလက်ဝမြို့ပေါ်က ဆန်ဆိုင် ပိုင်ရှင်တွေ ဆီကနေ သိရပါတယ်။

 

 

ပလက်ဝမြို့နယ် အတွင်းမှာ တပ်မတော် နဲ့ အေအေလက်နက်ကိုင်အဖွဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ကျောက်တော်မြို့ကနေ ပလက်ဝမြို့ပေါ်အထိ ဆန်သယ်ယူမှုကို တပ်မတော်ဖက်ကနေ ပိတ်ထားတာပါ။

 

ဒီလို ပိတ်လိုက်တာကြောင့် ပလက်ဝမြို့ပေါ်ရှိတဲ့ ဆန်ဆိုင် ၆ ဆိုင်လုံးမှာ ရောင်းစရာ ဆန် မရှိတော့တာကြောင့် ဆိုင်တွေကို ဧပြီလ ဒုတိယပတ် အရောက်မှာ စတင်ပိတ်ထားခဲ့ကြတာ ဖြစ်ပါတယ်။

 

ဆန်ဆိုင်တွေ ပိတ်ပြီးဈေးကွက် အတွင်းမှာ ဆန်ဝယ်လို့ မရတာကြောင့် ဆန်တစ်အိတ်ကို အရင် တစ်သောင်းကျော် နှစ်သောင်း ရှိရာကနေ လက်ရှိအချိန်မှာတော့ ဆန်တစ်အိတ်ကို ၇ သောင်း လောက်အထိ ပေးဝယ် စာသောက်နေရတယ်လို့ ပလက်ဝမြို့ ဒေသခံ ပြည်သူတွေက ပြောပါတယ်။

 

ပလက်ဝမြို့ပေါ်က ဆန်ဆိုင်တွေ ပိတ်ထားရတာနဲ့ ပတ်သတ်လို့ ပလက်ဝမြို့က ဆန်ဆိုင်ပိုင်ရှင် တစ်ဦးက “ကျောက်တော်ကနေ တင်လို့ကို မရတာ။ကျွန်မတို့မှာလည်း အဆင့်သင့် ၀ယ်မထားကြဘူးလေ။ဆန်တွေ ရောင်းစရာ မရှိတော့မှ ၀ယ်ပြီး တင်မယ်ဆိုမှ တင်လို့ မရဘူး။ပိတ်ထားတယ်တဲ့ အဲ့တာနဲ့ မြို့ကို မတင်ရဲတော့ဘူး။ခုထိတော့ ဘာဆက်လုပ်မလဲ မသိဘူး။သူတို့ ခွင့်ပြုချက် ရမှပဲ ပြန်တင်ရတော့မှာပေါ့” လို့  ပြောပါတယ်။

 

 

ပလက်ဝမြို့ နယ် အတွင်းမှာ တပ်မတော်နဲ့ အေအေ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ပလက်ဝမြို့ အနီးမှာ စစ်ဘေးရှောင် စခန်းတွေ ရှိနေပြီး စစ်ဘေးရှောင် ဒုက္ခသည် ဦးရေ ၂၀၃၉ ဦးရှိတယ်လို့ ပလက်ဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကနေ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ အတွင်းက ထုတ်ပြန်ခဲ့တဲ့ စာရင်းတွေ အရ သိရပါတယ်။

 

စစ်ဘေးရှောင် စခန်းတွေမှာ နေထိုင်နေကြတဲ့ ဒုက္ခသည်တွေ အတွက်လည်း စားနပ်ရိက္ခာတွေ လိုအပ်နေတာ ဖြစ်ပြီး ဆန်အိတ်တွေ သယ်ယူဖို့ ပိတ်ပင်ထားတာကြောင့် စားနပ်ရိက္ခာပြတ်လပ်မှာ ကို ဒေသခံပြည်သူတွေ စိုးရိမ်နေကြပါတယ်။

 

#voiceofmyanmar #ပလက်ဝ #ဆန်ပြတ်လပ်  #ဆန်တင်ခွင့်ပိတ်

Related posts

Leave a Comment

VOM News

FREE
VIEW