လက္ကာကျေးရွာက ဖမ်းဆီးခံထားရသူ ၂၄ ဦးကို ဒီကနေ့ရုံးထုတ်

စစ်တွေ။ မေ ၁၇-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာမှာ ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်က တပ်မတော်စစ်ကြောင်းရဲ့ဖမ်းဆီးခြင်းခံခဲ့ရတဲ့ ကျေးရွာသား ၂၇ ဦးအနက် ၂၄ ဦးကို ဒီကနေ့ စစ်တွေခရိုင်တရားရုံးမှာ ရုံးထုတ်ရမာန်ယူခဲ့ပါတယ်။

 

အဲ့ဒီ ကျေးရွာသားတွေဟာ လက္ကာကျေးရွာ အတွင်းရှိနေစဉ် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး တစ်လကျော်အကြာမှာ တပ်မတော်ကနေ ရဲတပ်ဖွဲ့ကိုလွှဲပြောင်းပေးခဲ့ပါတယ်။

 

“သူတို့အားလုံးဟာ AA အဖွဲ့ဝင်တွေဆိုပြီးတော့ တရားစွဲဖို့ပြင်နေတာပါ။ ကျွန်မယောက်ျားနဲ့ ဒီကနေ့တရားရုံးမှာ တွေ့ခွင့်ရခဲ့ပါတယ်။ အဲဒီမှာပြောပြတာက သူတို့ကို စစ်တပ်က စစ်ဆေးနေတဲ့အချိန်မှာ AA ဆိုပြီး အတင်းဝန်ခံခိုင်းတယ်လို့ပြောပါတယ်။ ငြင်းတဲ့လူကို နှိပ်စက်တဲ့အတွက်  သုံးယောက်သေသွားတယ်။ ဒါကြောင့် ကျန်တဲ့ ၂၄ ယောက်က သေမှာကိုကြောက်ပြီး AA လို့ ပြောခဲ့ရတယ်လို့ ပြောပါတယ်။”လို့ ဖမ်းဆီးခံခဲ့ရသူရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

 

ဒါ့အပြင် စစ်ကြောရေးကာလအတွင်း ကျေးရွာသားတွေကို တပ်မတော်က စစ်ဆေးမှုတွေပြုလုပ်တဲ့အခါမှာ သံတုတ်တွေနဲ့ ရိုက်နှက်တာတွေ၊ ကြိုးတွေနဲ့လည်ပင်းကိုချည်ပြီးတော့ ဒရွတ်ဆွဲတာတွေအပြင် နည်းမျိုးစုံနဲ့  နှိပ်စက်မှုတွေကိုခံခဲ့ကြရတယ်လို့လည်း ဖမ်းဆီးခံထားရသူတွေက ဒီနေ့ရုံးထုတ်မှာ မီဒီယာတွေကို ပြောပါတယ်။

 

“ကျွန်တော်တို့ဟာ တကယ်နှိပ်စက်ခံခဲ့ရတယ်။ သံတုတ်တွေနဲ့အရိုက်ခံခဲ့ရတယ်။ အစာမစားရဘူး။ ရေမသောက်ရဘူး။ ဒဏ်ရာရတဲ့သူတွေရှိနေတယ်။”လို့ ဆိုပါတယ်။

 

အဲ့ဒီကျေးရွာသားတွေမှာ ရရှိနေတဲ့ ဒဏ်ရာတွေဟာ စိုးရိမ်ရတဲ့အနေအထားရှိနေပေမယ့် ဆေးကုသခွင့်မရရှိဘဲဖြစ်နေသလို အပြစ်မရှိတဲ့သူတိုရဲ့မိသားစုတွေကို ပြန်လည်လွှတ်ပေးစေချင်တယ်လို့ ဖမ်းဆီးခံထားရသူရဲ့ မိသားစုဝင် ဒေါ်ခိုင်စိန်လှက ပြောပါတယ်။

 

ဒီကိစ္စနဲ့ဆက်စပ်ပြီး  တပ်မတော်သတင်းမှန်ပြန်ကြားရေးထံ ဆက်သွယ်နေဆဲပဲ ဖြစ်ပါတယ်။

 

#voiceofmyanmar # လက္ကားရွာသားရုံးထုတ် #တပ်မတော်ဖမ်း # စစ်တွေ #ရခိုင်

Related posts

Leave a Comment

VOM News

FREE
VIEW