အပြာ​ရောင်​တီရှပ်​ဝတ်​ဆင်​တဲ့ လှုပ်​ရှားမှု ပြုလုပ်ခဲ့

ရန်​ကုန်​ ၊​မေ ၁၇ – ၂၀၁၉

သူရိန် ( VOM)

 

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုအပေါ် တပ်မတော်က တရားစွဲဆိုနေတာကို ကန့်ကွက်ဆန့်ကျင်တဲ့အနေနဲ့ အပြာရောင်ရှပ်အင်္ကျီ ဝတ်ဆင်တဲ့ လှုပ်ရှားမှုကို ဒီနေ့  ရန်ကုန်မြို့ ဗိုလ်တထောင် တရားရုံးရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။

 

ဒါ့အပြင်တပ်မတော်အပေါ် ဝေဖန်သူတွေကို တရားစွဲဆိုထားမှုတွေ ရုပ်သိမ်းပေးဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အိတ်ဖွင့်ပေးစာ တစ်စောင်လည်း ပေးပို့ခဲ့ကြသလို တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူးဆီကိုလည်း အီးမေလ်နဲ့ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

 

“တပ်မတော်၏တရားစွဲဆိုမှုများ ရုပ်သိမ်းပေးပါ” စာသားပါတဲ့အပြာရောင်တီရှပ်အင်္ကျီတွေ ဝတ်ဆင်တဲ့လှုပ်ရှားမှုကို စစ်တပ်က တရားစွဲဆိုထားတဲ့ အမှုရုံးချိန်းတိုင်းမှာလည်း ဝတ်ဆင်သွားမယ်လို့ အသံအဖွဲ့ရဲ့ဒါရိုက်တာ ကဗျာဆရာ မောင်ဆောင်းခက ပြောပါတယ်။

 

 

သင်္ကြန်သံချပ်ကြောင့် တပ်မတော်က တရားစွဲဆိုထားတဲ့ ဒေါင်းတို့မျိုးဆက် တရားရုံးချိန်းမှာ အရပ်ဖက်အဖွဲ့အစည်းတွေက အခုလို စတင်လိုက်တာပါ။

 

အခုလို လှုပ်ရှားမှုကို မေ ၁၄ ရက်ကလည်း ပထမအကြိမ်ပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ဒီနေ့မှာပြုလုပ်ခဲ့ကြတာပါ။ထူးခြား မှုမရှိရင် ကြီးမားတဲ့ ဆန္ဒပြမှုတွေ ဆက်လက်ဖော်ဆောင်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

 

စစ်​တပ်​ကတရားစွဲထားတဲ့ ​ဒေါင်းတို့မျိုးဆက်​ သံချပ်​အဖွဲ့ဝင်​များဖြစ်​​တဲ့ ကို​ဇေယျာလွင်​ ၊ ကိုပိုင်​ရဲသူ ၊ ကို​ဇော်​လင်းထွဋ်​ ( ခ ) ဖိုးသား ၊ ကိုပိုင်​ဖြိုးမင်း ၊ မ​ကေခိုင်​ထွန်း ၊ မဆုရတနာမြင့်​၊ ကိုငြိမ်းချမ်းစိုး တို့ကို ဒုတိယဗိုလ်​မှူးကြီး မျိုးမင်းဦးက တရားလိုပြုလုပ်​ကာ  ၅၀၅ (က) နဲ့ တရားစွဲဆိုထားသလို ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ တပ်မတော် အရာရှိဟောင်း ဦးနေမျိုးဇင်၊ အလင်္ကာကြယ် ဆရာတော် ဦးသောဘိတ၊ ဇွဲအငြိမ့်နဲ့ မီဒီယာတချို့ကိုလည်းတရားစွဲဆိုထားပါတယ်​။

 

သင်္ကြန်သံချပ်အဖွဲ့အနေနဲ့  စစ်တပ်ဟာ နိုင်ငံတော်ရဲ့ အခန်းကဏ္ဍ​တွေမှာ ပါဝင်နေတယ်၊ နိုင်ငံတော်ရဲ့ ရန်အသွယ်သွယ်ကို ကာကွယ်ရမယ့်​အစား sim card company ထောင်ပြီး စီးပွားရေးလုပ်စားနေတယ်​၊ တိုင်းပြည်ရန်ကို မကာကွယ်ဘဲ အပြစ်မဲ့ပြည်သူ​တွေကို တရားစွဲဆိုနေတယ်​လို့ ထည့်သွင်းဖော်ပြခဲ့တာတွေကြောင့် တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။

 

 

#voiceofmyanmar # အပြာရောင်တီရှပ်ဝတ်ဆင်တဲ့လှုပ်ရှားမှု #တပ်မတော်တရားစွဲ #အသံအဖွဲ့ #မောင်ဆောင်းခ # ရန်ကုန် 

 

Related posts

Leave a Comment

VOM News

FREE
VIEW