မန်းတိုင်းရဲရုံးမှာ မိုင်းရှာဖွေရှင်းလင်းရေး သင်တန်းပို့ချစဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး ရှစ်ဦးဒဏ်ရာရ

မန္တလေး ၊ မေ – ၂၁ – ၂၀၁၉

ရဲရင့်မင်းခန့် (VOM)

 

မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှာ ဖွင့်လှစ်သင်ကြားနေတဲ့ မိုင်းအမျိုးအစား အမျိုးမျိုးနဲ့  မိုင်းရှာဖွေရှင်းလင်းရေး(ဆင့်ပွား)သင်တန်းမှာ သင်ခန်းစာ လက်တွေ့သရုပ်ပြသင်ကြားနေစဉ် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး သင်တန်းဆရာအပါအဝင် တပ်ဖွဲ့ဝင် ရှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့ရုံးက သိရပါတယ်။

 

ဖြစ်စဉ်မှာ ဒီနေ့မနက် ကိုးနာရီကျော်က ချမ်းအေးသာစံမြို့နယ်အတွင်းရှိ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး သင်တန်းခန်းမရှေ့မှာ  မိုင်ထောင်ခြင်းနဲ့ မိုင်းဖော်ခြင်းသင်ခန်းစာ(ပလပ်စတစ်မိုင်း)ကို လက်တွေ့သရုပ်ပြ သင်ကြားနေစဉ် ရဲတပ်ဖွဲ့ဝင် သင်တန်းသားတစ်ဦးက မိုင်းပေါ်တက်နင်းမိရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။

 

“ဒီသင်တန်းကို တပ်ကနေ လာရောက်ပို့ချတာပါ။  ရဲတပ်ဖွဲ့ဝင်တွေကို လေ့ကျင့်သင်ကြားပေးနေတုန်း ပလပ်စတစ်နင်းမိုင်းအသေး (M-14) အမျိုးအစား မိုင်းအစစ်နဲ့ မှားယွင်းအသုံးပြုမိတဲ့အတွက် သင်တန်းနည်းပြအပါအဝင်ရှစ်ဦး  ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အခုတော့ ဒဏ်ရာရတဲ့သူတွေကို မန္တလေး ဆေးရုံကြီးမှာ တင်ပေးထားပါတယ်။ ထိခိုက်ဒဏ်ရာအတွက် စိုးရိမ်ရမယ့်သူ မရှိပါဘူး။” လို့ ချမ်းအေးသာစံမြို့နယ် ရဲမှူးသိန်းနိုင်က ပြောပါတယ်။

 

ဒဏ်ရာရရှိသူတွေကို မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးသို့ တင်ပို့ထားပြီး   ဒဏ်ရာမပြင်းထန် တဲ့တပ်ဖွဲ့ဝင် ငါးဦးကတော့ ဆင်းခွင့်ရသွားပြီလို့ ဆိုပါတယ်။

 

အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ “နင်းမိုင်းအကြောင်း သင်တာမှာ မိုင်းအစစ်နဲ့မှားပြီး ပြမိတာလို့ သိရတယ်။ ဒါကိုတော့ ကျနော်တို့က သေချာအောင် စုံစမ်းနေပါတယ်။ အစစ်နဲ့ သင်တန်းသုံးအတုက မှားတော့ မှားတတ်တယ်။ အရောင်နဲ့ ခွဲထားတာပေါ့နော်။ ဒါက ဘယ်လို မှားပြီး ဘယ်လိုဖြစ်လဲဆိုတာ ကျနော်တို့ စစ်ဆေးနေပါတယ်။ လတ်တလောတော့ ဒီလောက်ပဲ ပြောနိုင်သေးတယ်။” လို့ ပြောပါတယ်။

 

ဓါတ်ပုံ – မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံး

 

#voiceofmyanmar #မိုင်းရှင်းလင်းရေးသင်တန်းပို့ချစဉ်ပေါက်ကွဲမှုဖြစ် #မန်းတိုင်းရဲတပ်ဖွဲ့ရုံး #မန္တလေး #ချမ်းအေးသာစံ

Related posts

Leave a Comment

VOM News

FREE
VIEW