လောင်ကစားဝိုင်းပြုလုပ်နေကြောင်း စုံစမ်းထောက်လှမ်းသိရှိရပါက တာဝန်ကျနယ်မြေရဲ့ နယ်ထိန်းတွေကိုအရေးယူမယ်

ရန်ကုန် ၊မေ -၂၁ – ၂၀၁၉

သိင်္ဂီ (VOM)

 

တာဝန်ကျနယ်မြေအတွင်း လောင်းကစားဝိုင်း ပြုလုပ်ဆောင်ရွက်နေကြောင်း စုံစမ်းထောက်လှမ်း ပေါ်ပေါက်ပါက သက်ဆိုင်ရာနယ်မြေရဲစခန်းက နယ်ထိန်းတွေကို ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ အရေးယူသွားမယ်လို့ မနေ့က ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ၁၂ ကြိမ်မြောက်ပုံမှန်အစည်းအဝေးက သိရပါတယ်။

 

” အထက်ဌာန သတင်းအရဖြစ်စေ၊ တိုင်ကြားချက်အရဖြစ်စေ လောင်းကစားဝိုင်းတွေကို ဝင်ရောက် ဖမ်းဆီးရမိခဲ့ရင် သက်ဆိုင်ရာ အပိုင်ရဲစခန်းမှူးအပါအဝင် နယ်ထိန်းခေါင်းဆောင်နဲ့ အပိုင်နယ်ထိန်းတွေကို ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ အရေးယူဆောင်ရွက်တယ်။ ပဲခူးတိုင်းရဲတပ်ဖွဲ့အနေနဲ့လည်း  မြို့နယ်/ရဲစခန်းအလိုက် လစဉ်လောင်းကစားမှုတွေကို ဖမ်းဆီးမှုမရှိတဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲစခန်းမှူး၊ နယ်ထိန်းခေါင်းဆောင်တွေကို ခရိုင်ရဲတပ်ဖွဲ့မှူးကနေ ခေါ်ယူပြီး မှတ်တမ်းဝင် သတိပေးလတ်မှတ်ရေးထိုးတာတွေလုပ်တယ်။” လို့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေက ပြောပါတယ်။

 

အဲဒီလို လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး ၂၀၁၈ ခုနှစ်အတွင်းမှာ အရာရှိ ၄ဦး၊ အခြားအဆင့် ၂ ဦးကို ရဲတရားရုံးနဲ့ အရေးယူပြီး အရာရှိ ၃ဦးကို မှတ်တမ်းဝင်သတိပေးခဲ့ပါတယ်။

 

ဒါ့အပြင် အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ရပ်ကွက်/ကျေးရွာအုပ်စုတွေအတွင်း အများပြည်သူဆိုင်ရာနေရာတွင် လောင်းကစားလုပ်ခြင်းကို ဖမ်းဆီးခြင်း၊ အရေးယူနိုင်ရန် အကြောင်းကြားခြင်းမရှိပါက အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်တွေနဲ့အညီ စုံစမ်းစိစစ်ပြီး အရေးယူသွားမယ်လို့ ဆိုပါတယ်။

 

ပဲခူးတိုင်းရဲတပ်ဖွဲ့နယ်မြေ အတွင်း လောင်းကစားဖမ်းဆီးမှုအနေနဲ့ ဒီနှစ် ဇန်နဝါရီလကနေ ဧပြီလအထိကို လောင်းကစားမှု ၁၄၈ မှု၊  လောင်းကြေး ငွေ (၇၂၅၂၉၀ဝ) ကျပ် ဖမ်းဆီးရမိခဲ့ပြီး၊ ပြီးခဲ့တဲ့နှစ်တွေအနေနဲ့ဆိုရင် ၂၀၁၆ခုနှစ်မှာ ၄၁၀ မှု၊  လောင်းကြေးငွေ (၂၄၂၀၇၈၂၈) ကျပ်၊ ၂၀၁၇ခုနှစ်မှာ ၄၇၅ မှု၊ လောင်းကြေးငွေ (၂၆၇၄၂၁၄၀)ကျပ်၊ ၂၀၁၈ခုနှစ်မှာ ၃၂၈ မှု၊  လောင်းကြေးငွေ (၂၅၂၉၀၄၃၀) ကျပ်ကို ဖမ်းဆီးအရေးယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

 

ဓါတ်ပုံ – ပဲခူးတိုင်းလွှတ်တော် စာမျက်နှာမှ

 

#voiceofmyanmar # လောင်ကစားဝိုင်းလုပ်တာကိုသတင်းမပို့ရင်နယ်ထိန်းတွေကိုအရေးယူမယ် #ပဲခူး

Related posts

Leave a Comment

VOM News

FREE
VIEW