စက်မှုဇုံများ အဆင့်မြှင့်တင်ရေးကို တိုင်းအစိုးရအဖွဲ့ ကိုင်တွယ်မယ်

ရန်ကုန်၊ မေ – ၂၃ – ၂၀၁၉

သူရိန်​ (VOM)

 

ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ စက်မှုဇုံတွေ အဆင့်မြှင့်တင်ရေးနဲ့ စက်မှုဇုံ စီမံခန့်ခွဲမှုအပိုင်းကို တိုင်းအစိုးရအဖွဲ့က ကိုင်တွယ်ဆောင်ရွက်သွားမယ်​လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်​။

 

စက်​မှုဇုံတွေကို သက်​ဆိုင်​ရာအစိုးရအဖွဲ့က စီမံ​ဆောင်​ရွက်​ဖို့ ဥပ​ဒေပြဌာန်းချက်တွေရှိပေမယ့် ရန်ကုန်တိုင်းမှာရှိတဲ့ စက်မှုဇုံတွေကို ဆောက်လုပ်ရေးဝန်ကြီးဌာန အိုးအိမ်ဦးစီးဌာနကသာ ကိုင်တွယ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

 

“စက်မှုဇုံတွေကို အဆင့်မြှင့်တင်ဖို့အတွက် လုပ်နေပါတယ်။ အရင်က စက်မှုဇုံဟာ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ အိုးအိမ်ဦးစီးဌာနဘက်ကနေ စီမံခန့်ခွဲမှုကို ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ တိုင်းဒေသကြီးကနေ စက်မှုဇုံ အဆင့်မြှင့်တင်ရေးနဲ့ စက်မှုဇုံ စီမံခန့်ခွဲမှုအပိုင်းကို ကိုင်တွယ်ဖို့အတွက် ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်​။

 

စက်မှုဇုံတွေထဲမှာ လျှပ်စစ်မီး၊ ရေကောင်းရေသန့် လိုအပ်ချက်၊ ရေဆိုးစွန့်ပစ်မှု၊ အမှိုက်စွန့်ပစ်မှု၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးတို့ကို စနစ်တကျ ဆောင်ရွက်ဖို့အတွက် ပုဂ္ဂလိက ကဏ္ဍနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်သလို သီလဝါအထူးစီးပွားရေးဇုံကို နမူနာယူပြီး ပြည်တွင်းစက်မှုတွေကို အဆင့်မြှင့်တင် ဆောင်ရွက်ဖို့ ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။

 

နိုင်ငံရဲ့ ပို့ကုန်တွေ တိုးမြှင့်နိုင်ဖို့၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ပြည်တွင်းကို ပိုမိုလာရောက်နိုင်ဖို့ ၊ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း ပိုရနိုင်ဖို့အတွက် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းတွေကို ဆောင်ရွက်ရတာ ဖြစ်ပါတယ်။

 

စက်မှုဇုံအားလုံးမှာ လိုအပ်ချက်​တွေ ရှိနေတာကြောင့်  ဒီလိုအပ်ချက်​တွေကို ဖြည့်ဆည်းဆောင်ရွက်နိုင်ဖို့အတွက် စက်မှုဇုံစီမံခန့်ခွဲမှုကော်မတီအပြင် စက်မှုဇုံ အဆင့်မြှင့်တင်မှု ကြီးကြပ်ရေးကော်မတီကိုလည်း ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

 

ရန်ကုန်တိုင်းမှာ စက်မှုဇုံ ၂၉ ခုရှိပြီး စက်မှုဇုံအားလုံးကို  ရန်ကုန်တိုင်းအစိုးရအဖွဲ့က စီမံခန့်ခွဲဖို့ ဆောက်လုပ်ရေးဝန်ကြီးဌာနကလည်း အမိန့်ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဟာ  အခြားတိုင်းနဲ့ ပြည်နယ်​တွေထက် စက်မှုဇုံ ပိုမိုများတယ်လို့ သိရပါတယ်။

 

#voiceofmyanmar # စက်မှုဇုံအဆင့်မြှင့်တင်ရေးတိုင်းအစိုးရကိုင်တွယ် #ရန်ကုန် #ဦးဖြိုးမင်းသိန်း

 

Related posts

Leave a Comment

VOM News

FREE
VIEW