စစ်ဘေးရှောင် ကလေးငယ် လေးထောင်ကျော် ပညာသင်ကြားနိုင်ရေးအတွက် စီစဉ်ထား

စစ်တွေ၊ မေ – ၂၃-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်အတွင်းမှာ နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်ကလေးငယ်ပေါင်း ၄၅၀၀ ကျော် ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားတယ်လို့ ရခိုင်ပြည်နယ်ပညာရေးမှူး ရုံးက သိရပါတယ်။

 

“လောလောဆယ်မှာ စာရင်းရရှိထားတဲ့ ကလေးတွေကိုတော့ ပညာသင်ကြားဖို့အတွက် တစ်ယောက်မှ မကျန်ရအောင် စီစဉ်ပေးသွားမှာပါ။ ကျန်တဲ့စခန်းတွေက ကလေးတွေကိုလည်း မြို့နယ်တွေက အဆက်အသွယ်ရလို့ရှိရင်တော့ ဖြည့်သွင်း သွားမှာဖြစ်ပါတယ်။ သူတို့အတွက် လိုအပ်တဲ့ အထောက်အကူပစ္စည်းတွေကိုလည်း အကူအညီပေးသွားမှာဖြစ်ပါတယ်။”လို့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံး လက်ထောက် ညွှန်ကြားရေးမှူး  ဦးစိန်ထွန်းလှက ပြောပါတယ်။

 

အဲ့ဒီကလေးငယ်တွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက မြန်မာ့တပ်မတော်နဲ့ AA လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ မြို့နယ်ပေါင်း ၇ ခုအတွင်းက စစ်ရှောင်စခန်းပေါင်း ၇၀ နီးပါးမှာ ရောက်ရှိနေတဲ့ ပညာသင်ကျောင်းသားလေးတွေ ဖြစ်ကြပါတယ်။

 

“ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ စာရင်းအရတော့ ဒုက္ခသည်စခန်းပေါင်း ၁၀၅ ခုရှိတယ်လို့ သိရတယ်။ ဆရာကြီးတို့ဌာနကနေ ကျောင်းသားစာရင်းတွေကို ကောက်ယူတဲ့အခါမှာ စခန်းပေါင်း ၇၀ နီးပါးကိုပဲ ရပါတယ်။ သုံးဆယ်လောက်ကျန်နေတယ်။ အဆက်အသွယ်မရနိုင်ဘူး။ အဲ့ဒီမှာ ပညာသင်ကျောင်းသားက ၄၅၁၅ ဦးရှိပါတယ်။ မူလတန်းကနေ ၁၀ တန်းအထိဖြစ်ပါ တယ်။ သူတို့တွေ ပညာဆက်လက်သင်ကြားနိုင်ဖို့အတွက် ဆောင်ရွက်ထားပါတယ်။”လို့ ဦးစီန်ထွန်းလှက ပြောပါတယ်။

 

ဒါ့အပြင် စစ်ဘေးရှောင် ကျေးရွာသားတွေဟာ စစ်ပွဲတွေဖြစ်ပွားမှုကြောင့် စိုးရိမ်ကြောက်လန့်ပြီး ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးနေကြရတာဖြစ်တဲ့အတွက် တချို့စခန်းတွေဟာ သွားလာရေး အခက်အခဲရှိပြီး အဆက်အသွယ်မရရှိတဲ့ စခန်းတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

 

လက်ရှိစာရင်းကောက်ယူရရှိထားတဲ့ ကလေးတွေကို စခန်းတွေနဲ့နီးစပ်ရာ စာသင်ကျောင်းတွေမှာ သင်ကြားခွင့်ပြုသွားမှာ ဖြစ်သလို အခုနှစ်မှာ ပညာရေးဌာနအနေနဲ့ ကျောင်းသူကျောင်းသားတွေကို ကျောင်းဝတ်စုံထောက်ပံ့မပေးတော့ပေမယ့် စစ်ဘေးရှောင် ကျောင်းသား၊ကျောင်းသူတွေအတွက်တော့ အရင်နှစ်က ကျန်နေတဲ့ကျောင်းဝတ်စုံတွေအပြင် စာအုပ်စာတန်းတွေကိုပါ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

 

#voiceofmyanmar # စစ်ရှောင်ကလေးလေးထောင်ကျော်ပညာသင်ကြားနိုင်ရေးစီစဉ် #ရခိုင် #စစ်တွေ

Related posts

Leave a Comment

VOM News

FREE
VIEW