တရားစီရင်ရေးပညာရပ်တွေ သင်ကြားနိုင်ဖို့ တရားစီရင်ရေးကောလိပ် လာမယ့်နှစ်မှာ စတင် တည်ဆောက်မယ်

နေပြည်တော် ၊ မေ – ၂၄  – ၂၀၁၉

သိင်္ဂီ (VOM)

 

တရားစီရင်ရေးပညာရပ်တွေ သင်ကြားပေးမယ့် တရားစီရင်ရေးကောလိပ်ကို လာမယ့်နှစ်မှာ စတင် တည်ဆောက်သွားမယ်လို့ ဒီကနေ့ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ်မြောက် အမျိုးသားလွှတ်တော် အစည်းအဝေးက သိရပါတယ်။

 

“တရားရေးကောလိပ်ကို လာမယ့်၂၀၁၉ – ၂၀၂၀ မှာ စတင် ဆောက်လုပ်မယ်။ နေပြည်တော်မှာ လုပ်မှာဖြစ်တယ်။ ဘဏ္ဍာအသုံး ခန့်မှန်းခြေစာရင်းတွေမှာ ထည့်သွင်းတောင်းဆိုခဲ့ပြီးဖြစ်ပါတယ်၊ ခွဲဝေချထားပေးတဲ့ ဘတ်ဂျက်အပေါ်မူတည်တယ်။” လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်က ပြောပါတယ်။

 

ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေနဲ့ တခြားနိုင်ငံတွေလို တရားစီရင်ရေးဆိုင်ရာ သင်တန်း စနစ်တကျပို့ချနိုင်မယ့် တရားရေးကောလိပ် ဒါမှမဟုတ် တရားရေးအကယ်ဒမီ ဖွင့်လှစ်တည်ထောင်ပေးရန် အစီအစဉ် ရှိမရှိကို ရန်ကုန်တိုင်းမဲဆန္ဒနယ် အမှတ် ( ၉ ) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖေချစ်ရဲ့ မေးခွန်းအပေါ်မှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

 

လက်ရှိမှာ တရားရေးသင်ရိုးညွှန်းတမ်းတွေမှာ အသစ်ပြဌာန်းလိုက်တဲ့ ဥပဒေတွေနဲ့ပတ်သက်လို့ သင်ကြားဖို့ ထည့်သွင်းရေးဆွဲနေပြီး စနစ်တကျသင်ကြားနိုင်ဖို့ ပြည်ထောင်စုအစိုးရကို တင်ပြသွားမယ်လို့လည်း ဦးမျိုးတင့်က ဆိုပါတယ်။

 

တရားစီရင်ရေးကဏ္ဍမှာ အရည်အချင်းရှိတဲ့တရားသူကြီးဖြစ်မှသာ မှန်ကန်တဲ့၊ အရည်အချင်းရှိတဲ့ စီရင်ဆုံးဖြတ်ချက်ကို ချမှတ်မှတ်နိုင်မှာဖြစ်ပြီး ဒီလိုချမှတ်နိုင်မှသာ တရားစီရင်ရေးအပေါ် ပြည်သူတွေ ယုံကြည်လာမှာဖြစ်တယ်လို့ ဦးဖေချစ်က ထောက်ပြ ပြောဆိုခဲ့ပါတယ်။

 

ဒါကြောင့် တရားသူကြီးတစ်ယောက်ဟာ ဂုဏ်နဲ့ သိက္ခာ ရှိရုံ၊ သမာသမတ်ရှိရုံသာမက ပညာရပ်ပိုင်းဆိုင်ရာမှာပါ ကျွမ်းကျင်ဖို့ လိုအပ်တာကြောင့် တရားစီရင်ရေးဆိုင်ရာ ပညာရပ်တွေပို့ချနိုင်ဖို့ တရားစီရင်ရေး ကောလိပ်တွေ ဖွင့်လှစ်ဖို့ တောင်းဆိုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

လက်ရှိ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ တရားရေးသင်တန်းကျောင်းက အဆောက်အဦးတွေဟာ ယိုယွင်းပျက်စီးမှုတွေရှိသလို သင်ထောက်ကူပစ္စည်းမလုံလောက်တာတွေကြောင့် သင်တန်းသား အနည်းငယ်သာ သင်ကြားနိုင်တဲ့ အခက်အခက်တွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

 

ဓါတ်ပုံ – အမျိုးသားလွှတ်တော် စာမျက်နှာ

#voiceofmyanmar #တရားစီရင်ရေးကောလိပ်၂၀၂၀မှာဆောက်မယ် #နေပြည်တော်

 

Related posts

Leave a Comment

VOM News

FREE
VIEW