ကောင်းမှုတော်ဘုရားကြီးက မေတ္တာကန် အကြီးစားပြန်လည်ပြင်ဆင်မှု သုံးဆယ် ရာခိုင်နှုန်းပြီးစီး

စစ်ကိုင်း၊မေ ၂၇

စောပြည့်ချမ်းသာ(VOM)

 

စစ်ကိုင်းမြို့မှာရှိတဲ့ သမိုင်းဝင် ရာဇမဏိစူဠာကောင်းမှုတော်ဘုရားကြီးက မေတ္တာကန်ကို အကြီးစားပြန်လည်ပြင်ဆင်မှု  ၃၀ ရာခိုင်နှုန်းပြီးစီးပြီလို့ အဲဒီဘုရားဂေါပကအဖွဲ့က သိရပါတယ်။

 

“ကန်အရှေ့ဘက်ခြမ်းပျက်စီးမှုကို ခိုင်ခန့်တဲ့အထိ လုပ်ပြီးပြီ။ အခုပြင်တဲ့နည်းကို မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းရဲ့လမ်းညွှန်မှုအတိုင်း လုပ်တာပါ။ ရာခိုင်နှုန်းအားဖြင့် သုံးဆယ်ရာခိုင်နှုန်းပဲ ပြီးပါသေးတယ်။ ကုန်ကျငွေဘယ်လောက်ရှိမယ်ဆိုတာတော့ ပြောမရသေးပါဘူး။” လို့ ကောင်းမှုတော်စေတီဂေါပကအဖွဲ့ ဒုဥက္ကဌ ဦးနီတင်က ပြောပါတယ်။

 

အရင်ဂေါပကလက်ထက်က တတ်နိုင်သလောက်အားနဲ့ ပြင်ခဲ့ပေမယ့် အကုန်ပြီးစီးအောင် မပြင်နိုင်တဲ့အခါ  မပြင်ရသေးတဲ့နေရာတွေက အက်ကွဲလာပြီး ရာသီဥတုဒဏ်ကိုမခံနိုင်တော့ပဲ ကန်ထဲကို လျှောက်လမ်းကပြိုကျမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

 

ဒါကြောင့် ၂၀၁၈ ခုနှစ် ဇွန်လက လွှဲပြောင်းတာဝန်ယူခဲ့တဲ့ လက်ရှိဂေါပကအဖွဲ့အနေနဲ့ မေတ္တာကန်ကို ဒီလ ၇ ရက်ကစပြီး ပြုပြင်မှုတွေ ဆောင်ရွက်ခဲ့တာပါ။ ဒါ့အပြင် အရင်က မေတ္တာကန်ဘေးပတ်ပတ်လည်မှာ စောင်းတန်းမရှိခဲ့ပေမယ့် အခုခါမှာ ကန်ကို တပတ်လုံးပတ်ပြီး လျှောက်လမ်းတွေပေါ်ကနေ အများပြည်သူ ဘုရားဖူးမြော်နိုင်ဖို့ စောင်းတန်းတွေ ဆောက်လုပ်ဖို့စီစဉ်နေတယ်လို့ သိရပါတယ်။

 

ရာဇမဏိစူဠာဘွဲ့ခံ ကောင်းမှုတော်စေတီကြီးကို မြန်မာသက္ကရာဇ် ၉၉၈ ခုနှစ် ဒုတိယအင်းဝ(ညောင်ရမ်း)ခေတ်မှာ သာလွန်မင်းတရားကြီးက သီရိလင်္ကာက မဟာထူပါရုံစေတီပုံတော်အတိုင်းရယူပြီး  မြတ်စွာဘုရားရှင်ရဲ့ လက်ဝဲဘက် အောက်စွယ်တော်နဲ့ ဓာတ်တော်မွေတော်အစုံတို့ကို ဌာပနာတည်ထားပြီး ကိုးကွယ်ခဲ့ကာ  ကောင်းမှုတော်စေတီ မြောက်ဘက်မှာ အလျား(အရှေ့၊ အနောက်) ၁၉၉ ပေ ၅ လက်မ၊ အနံ(တောင်၊ မြောက်) ၁၅၄ ပေ ၆ လက်မ အကျယ်ရှိတဲ့  မေတ္တာကန်ကို တူးဖော်လှူဒါန်းခဲ့တယ်လို့ သမိုင်းမှတ်တမ်းတွေအရ သိရပါတယ်။

 

#voiceofmyanmar #ကောင်းမှုတော်ဘုရားကြီး #မေတ္တာကန်အကြီးစားပြင်ဆင်မှု၃၀ရာခိုင်နှုန်းပြီးစီး #စစ်ကိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW