မင်းပြားမြို့ပေါ်သို့ စစ်​ဘေးရှောင်​ နှစ်ရာကျော်​ လာရောက်​ခိုလှုံ

မင်းပြား ၊ ဇွန်​ – ၄ – ၂၀၁၉

ခိုင်​လင်းစံ(VOM)

 

ပြီးခဲ့တဲ့နှစ်ရက်က ရခိုင်​ပြည်​နယ်​ မင်းပြားမြို့နယ်​အတွင်းမှာ မြန်​မာ့တပ်​မတော်​နဲ့ AA တို့အကြား နှစ်​ဖက်​တိုက်​ပွဲတွေ အပြင်းအထန်​ဖြစ်​ပွားနေကြတာ ဖြစ်​ပါတယ်​။

 

မနေ့ကဖြစ်​ပွားခဲ့တဲ့ တိုက်​ပွဲက ပစ်​ခတ်​မှုတွေကြောင့်​ စပါးထားကျေးရွာသားတွေ ထိခိုက်​သေဆုံးခဲ့ရတဲ့အတွက်​ စပါးထားနဲ့ ဘိတ်​တောင်​ကျေးရွာက လူဦးရေ ၂၀၀ ကျော်​ဟာ မင်းပြားမြို့ပေါ်ကို ထွက်​ပြေးရောက်​ရှိလာခဲ့ကြတာ ဖြစ်​ပါတယ်​။

 

“ကျနော်တို့ရွာနားမှာ တိုက်​ပွဲတွေ ဖြစ်​နေတယ်​။ ပြီးတော့ မနေ့ကလည်း ဘုန်းကြီးကျေင်းမှာ လက်​နက်​ကြီး ကျည်​ကျလို့ ရွာသားတွေ သေဆုံးတာ ရှိတယ်​။ ဒဏ်​ရာရသူတွေလည်း အများကြီးပါ။ ဒါကြောင့်​ ကျနော်တို့ လုံခြုံတဲ့နေရာကို ထွက်​ပြေးလာခဲ့ကြတာပါ။” လို့ စပါးထားကျေးရွာသားတစ်​ဦးက ပြောပါတယ်​။

 

ဇွန်၂ ရက်​နေ့ နေ့လည်​ပိုင်းက မင်းပြားမြို့နယ်​ ရွှေတမာကျေးရွာနဲ့ အောင်​တိုင်​ (မူဆလင်​)ကျေးရွာအကြားမှာ တိုက်​ပွဲတွေဖြစ်​ပွားခဲ့ပြီး ၃ ရက်​နေ့ မနက်​ပိုင်းမှာတော့ စပါးထားကျေးရွာနဲ့ ဘိတ်​တောင်​ကျေးရွာအနီးမှာ ဆက်​လက်​ဖြစ်​ပွားခဲ့တာ ဖြစ်​ပါတယ်​။

 

“လောလောဆယ်​မှာတော့ လူဦးရေ ၂၃၀ လောက်​ရှိပါတယ်​။ မနေ့ညနေပိုင်းကနေ ထွက်​ပြေးလာခဲ့ကြပါတယ်​။ ဒီမနက်​မှာလည်း ထပ်​ပြီးတော့ ရောက်​လာကြတယ်​။ သူတို့နေရေးထိုင်​ရေး စားရေးသောက်​ရေးအတွက်​တော့ မြို့က အဖွဲ့အစည်းတွေနဲ့ မြို့နယ်​က အကူအညီပေးထားပါတယ်​။”လို့ လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်​။

 

အဲ့ဒီစစ်​ဘေးရှောင်​ကျေးရွာသား ၂၀၀ ကျော်​တို့ဟာ မင်းပြားမြို့ပေါ်မှာရှိတဲ့ ကျောင်းသစ်​ဘုန်းတော်​ကြီးကျောင်း ဓမ္မာရုံမှာ ခိုလှုံနေကြတာဖြစ်​ပြီး စားရေးသောက်​ရေးနဲ့နေရေးထိုင်​ရေးအတွက်​ မြို့နယ်​အထွေထွေအုပ်​ချုပ်​ရေး ဌာနနဲ့ အသင်းအဖွဲ့တွေက အကူအညီပေးထားတာ ဖြစ်​ပါတယ်​။

 

စပါးထားကျေးရွာသားတွေ ယာယီခိုလုံနေတဲ့ ဘုန်းတော်​ကြီးကျောင်းဝင်းအတွင်း လက်​နက်​ကြီးကျည်​ကျရောက်​မှုကြောင့်​  ဒဏ်​ရာရသူ ၈ ဦးနဲ့ သေဆုံးသူ ၆ ဦးအထိရှိခဲ့ပြီဖြစ်​ကာ အဲ့ဒီထဲက ဒဏ်​ရာပြင်းထန်​သူ ၅ ဦးကိုတော့ စစ်​တွေဆေးရုံကို ပို့ဆောင်​ထားတာ ဖြစ်​ပါတယ်​။

 

#voiceofmyanmar # မင်းပြားမြို့ပေါ်သို့စစ်ဘေးရှောင်နှစ်ရာကျော်လာရောက်ခိုလှုံ # ရခိုင် #မင်းပြား

Related posts

Leave a Comment

VOM News

FREE
VIEW