ရန်ကုန်မြို့က ကျောင်းတွေမှာ စည်းကမ်းတကျ အမှိုက်ပစ်ဖို့ ပညာပေးလုပ်ငန်း ဆောင်ရွက်မယ်

ရန်ကုန်၊ ဇွန် – ၄ – ၂၀၁၉

သိင်္ဂီ (VOM)

 

ပရဟိတအဖွဲ့ ငါးဆယ်ကျော်နဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဌာန(YCDC)တို့ ပူးပေါင်းပြီး ရန်ကုန်မြို့က စာသင်ကျောင်းတွေမှာ  အမှိုက်ကို စည်းကမ်းတကျစွန့်ပစ်စေဖို့အတွက် ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

 

ဒီပညာပေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်မယ့် Clean Yangon ပရဟိတအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်သင်ဇာအေးက “အမှိုက်မပစ်ရေး ပညာပေး အစီအစဉ်အပြင် အပင်စိုက်ပျိုးခြင်းကိုပါ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်။ နောက်ပြီး အခုကျောင်းတွေက အစီအစဉ်ကို လုပ်ဖြစ်တာက အမှိုက်ကိစ္စနဲ့ပတ်သက်ရင် လူကြီးတွေကတော့ အမှိုက်ကို စနစ်တကျစွန့်ပစ်ရမယ်ဆိုတာ သိတယ်။ ဒါပေမယ့်  ကလေးငယ်တွေကတော့ သိပ်မသိကြဘူးလေ။”လို့ ဆိုပါတယ်။

 

ဒီပညာပေးလုပ်ငန်းတွေကို အခုလကနေ လာမယ့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလအထိ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုလုပ်ဆာင်တာဟာ ကလေးငယ်တွေအနေနဲ့ အမှိုက်စွန့်ပစ်တဲ့အခါ စည်းကမ်းမဲ့ စွန့်ပစ်တာမျိုးမရှိအောင်နဲ့ အလေ့အကျင့်ကောင်းတစ်ခုကို ဖန်တီးပုံဖော်ပေးချင်တဲ့ ရည်ရွယ်ချက်နဲ့လုပ်တာလို့ သိရပါတယ်။

 

” သူတို့အသိစိတ်ထဲမှာ အမှိုက်ကို စည်းကမ်းတကျ စွန့်ပစ်ရမယ်ဆိုတဲ့ စိတ်ကလေးရှိသွားပြီဆိုရင် ကျောင်းဝန်းထဲမှ မဟုတ်တော့ဘဲ ဘယ်နေရာပဲဖြစ်ဖြစ် စည်းကမ်းတကျနဲ့ လုပ်တတ်လာမယ်လို့ ယုံကြည်တယ်။ ကျမတို့က မိဘတွေဆိုပေမယ့် ကျောင်းဖွင့်ချိန်ရောက်တာနဲ့ ကလေးကို သူ့တို့ရော၊ ဆရာမတွေဆီ အပ်လိုက်ကြရတာ။ ဒါကြောင့် စာတင်မဟုတ်ဘဲ သိသင့်သိထိုက်တဲ့ အသိပညာ၊ ဗဟုသုတတွေ၊ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်း ၊ ကျင့်ဝတ်တွေကိုလည်း ကလေးဘဝကတည်းက လေ့ကျင့်သင်ပေးစေချင်တယ်။” လို့ ကျောင်းသား မိခင် ဒေါ်နှင်းနွယ်ဦးက ပြောပါတယ်။

 

ဆက်လက်ပြီး YCDC အနေနဲ့ကလည်း အခု Clean Yangon ပရဟိတအဖွဲ့ အပါအဝင် ပရဟိတအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကဏ္ဍနဲ့ ပတ်သက်တဲ့ ပညာပေးအစီအစဉ် ပောာပြောပွဲတွေ၊ ပြပွဲတွေ၊ အသိပညာပေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေမယ့် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

 

#voiceofmyanmar #ကျောင်းတွေမှာစည်းကမ်းတကျအမှိုက်ပစ်ဖို့ပညာပေးလုပ်ငန်း ဆောင်ရွက်မယ်  # Clean Yangon # YCDC #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW