ရန်ကုန် ၊ ဇွန် ၆ – ၂၀၁၉
သူရိန် (VOM)
အခြေခံပညာကျောင်းတွေနဲ့ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးက ပညာရေးမှူးရုံးတွေမှာရှိတဲ့ နေ့စား (ရုံးဝန်ထမ်း)တွေကို ရေးဖြေစာမေးပွဲဖြေဆိုစေပြီး အောင်မြင်သူတွေကို အမြဲတမ်းဝန်ထမ်း ခန့်ထားနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးက သိရပါတယ်။
“လက်ရှိအခြေအနေမှာ အခြေခံပညာ ဦးစီးဌာနရဲ့ဖွဲ့စည်းပုံကို ပြင်ဆင်ရေးဆွဲ ဆောင်ရွက်နေတဲ့ကာလဖြစ်တဲ့အတွက် နေ့စားဝန်ထမ်းတွေကို အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်ထားပေးခြင်း မပြုသေးဘဲ ဖွဲ့စည်းပုံများ ပြင်ဆင်ပြီးမှသာ ဒီဝန်ထမ်းတွေကို ရေးဖြေစာမေးပွဲဖြေဆိုစေပြီး အောင်မြင်သူတွေကိုဘဲ ခန့်ထားနိုင်ဖို့ စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” လို့ ပညာရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက လွှတ်တော်မှာ ပြောဆိုခဲ့ပါတယ်။
အရင်က နေ့စား၊ လပေးဝန်းထမ်းခေါ်ပေမယ့် သူတို့ကို အမြဲတမ်းဝန်ထမ်းခန့်အပ်ပေးဖို့ဆိုတာ သိပ်မရှိခဲ့တဲ့အတွက် တောင်းဆိုမှုတွေရှိနေတာကြောင့် ဒီနေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ဧရာဝတီတိုင်း မဲဆန္ဒနယ်အမှတ်(၈)က တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံးကနေ ပညာရေး ဝန်ကြီးဌာန လက်အောက်ရှိ နေ့စားဝန်ထမ်းတွေကို အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်ထားနိုင်ဖို့အခြေအနေနဲ့ပက်သက်ပြီး မေးခွန်းမေးမြန်းခဲ့ရာမှာ ဝန်ကြီးက ခုလိုဖြေဆိုခဲ့တာပါ။
ဒါ့အပြင် နေ့စား၊ လပေး ဝန်ထမ်းတွေကို အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ပေးဖို့ကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ နိုင်ငံတော်သမ္မတရုံး၊ စီမံကိန်းနဲ့ဘဏ္ဍာရေး ဝန်ကြီးဌာနတွေဆီ တင်ပြပြီး ခွင့်ပြုချက် ရယူပြီးမှ ခန့်ထားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
အခြေခံပညာဦးစီးဌာနအောက်မှာရှိတဲ့ ကျောင်းတွေ၊ ရုံးတွေအားလုံးရဲ့လိုအပ်ချက်တွေကို စုပေါင်းတွက်ချက်ပြီးမှ သတ်မှတ်အရည်အချင်းနဲ့ကိုက်ညီတဲ့ လျှောက်ထားသူတွေကို ရေးဖြေစာမေးပွဲ(မြန်မာ၊ အင်္ဂလိပ်၊ အထွေထွေဗဟုသုတ)စစ်ဆေးပြီး တစ်ပြေးညီခန့်ထားခွင့် တောင်းခံသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အဆင့်မြင့်ပညာဦးစီးဌာနက တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ တွဲဖက်ဌာနတွေက အောက်ခြေ ဝင်ပေါက်ရာထူးတွေကို ခန့်ထားနိုင်ဖို့အတွက် ရာထူးအလိုက်ခန့်ထားလိုတဲ့ ဦးရေတွေကို ပြန်လည်စိစစ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#voiceofmyanmar #ပညာရေးဝန်ကြီးဌာနကနေ့စားဝန်ထမ်းတွေရေးဖြေအောင်ရင်အမြဲတမ်းဝန်ထမ်းခန့်မယ် # အမျိုးသားလွှတ်တော် အစည်းအဝေး # ရန်ကုန်
ဓါတ်ပုံ- အမျိုးသားလွှတ်တော်