ဇီးကုန်းမြို့နယ်က လယ်​​မြေတချို့မှာ ကျိုင်းပိုးအမျိုးနွယ်​ဝင်​ ပိုးတစ်​မျိုးကျလို့ ​တောင်​သူ​တွေ စိုးရိမ်

ဇီးကုန်း၊ ဇွန်​ ၁၉ – ၂၀၁၉

မိုးယံ(VOM)

 

ပဲခူးတိုင်း သာယာဝတီခရိုင်​ ဇီးကုန်းမြို့ နယ် လယ်​မကျေးရွာအုပ်​စုက လယ်​တချို့မှာ ကျိုင်းပိုးအမျိုးနွယ်​ဝင်​ ပိုးတစ်​မျိုးကျလို့ စပါးပင်​​တွေ ပျက်​စီးမှုရှိနေတဲ့အတွက် တောင်​သူ​တွေ စိုးရိမ်​​နေတယ်​လို့ သိရပါတယ်​။

 

“​မြေ​ခွေး​ကောင်​လို ကျင်း​ပေါက်​က​လေး​တွေက​နေ စပါးပင်​ရဲ့ အမြစ်​​တွေ၊ အပင်​​တွေ အကုန်​စားပစ်​တယ်​။ ​တော်​​တော်​စိုးစိုးဝါးဝါး ဖြစ်​​နေတယ်။ လယ်​မရွာဘက်က လယ်​​တွေဆို တစ်​ကွင်းလုံး အဲဒီပိုး​တွေကို နှိမ်​နင်း​နေရတယ်​။ ဆေး​တွေပက်​​တော့လည်း မ​သေဘူး။ စပါးပင်​​တွေက တစ်​ထွာ​လောက်​ရှိ​မှ ပျက်​စီးကုန်​တာ။”လို့ ဒေသခံ​တောင်​သူ ဦးသန်းလွင်​က ​ပြောပါတယ်​။

 

အထူးသဖြင့် လယ်​မကျေးရွာအုပ်​စု လယ်​မရွာမှာ ခန့်​မှန်း​ခြေ လယ်​ဧက သုံးဆယ်​​ကျော်​ဟာ ပိုးကျ​နေပြီး လယ်​ကွက်​တိုင်းနီးပါးက ဧကတစ်​ဝက်​​လောက်​ကို ပိုးစားထားတယ်​လို့ ဆိုပါတယ်​။ ဒီမိုးဦးကျကာလ မျိုးစပါးစိုက်ပျိုးစရိတ်နဲ့  ထွန်ယက်ခဟာ တစ်ဧကကို ငါးသောင်းကျော် ကုန်ကျစရိတ်ရှိပြီး  အခု ဒီပိုးဖျက်စီးမှုကြောင့်  အရှုံးပေါ်တယ်လို့  တောင်သူတွေက ဆိုပါတယ်။

 

“လယ်တစ်ကွင်းလုံး အဲဒီလိုဖြစ်သွားပြီး တစ်ပင်မှမကျန်အောင် စားပစ်မှာစိုးရိမ်နေတာပါ။ အဲဒီလိုစားပစ်ရင် ရာသီဥတုအရ အလုပ်လုပ်ရတာ အဆင်မပြေတော့ဘူး။ နောက်မိုးနဲ့ပျိုးချရင်လည်း ရေနစ်မှာပါ။ ဒါကြောင့် ဒီပိုးကျတာကို စိုးရိမ်နေတာပါ။” လို့ တောင်သူ ဦးထွန်းထွန်းက ပြောပါတယ်။

 

အခုလို တောင်သူတွေ စိုးရိမ်မှုနဲ့ပတ်သက်ပြီး ဇီးကုန်းမြို့နယ် စိုက်ပျိုးရေးဌာန မြို့နယ်ဦးစီးမှူး ဦးလှမိုးက “အခုကျတဲ့ပိုးက မိုင်​နာအဆင့်​ပါ နှစ်​စဉ်​​တော့ ကျပါတယ်​။ အဓိက ​​​မေဂျာဖျက်​​ပိုး​တော့မဟုတ်​ပါဘူး။ သူ့ရဲ့​ရွေ့လျားမှုနဲ့ ဖျက်​စီးမှုက ​နှေး​ကွေးပါတယ်​။ ကျနော်တို့ ကွင်းပတ်​ဆင်းပြီးပါပြီ။ ဒီ​နေ့​တောင်​သူ​တွေနဲ့​ တွေ့ဆုံပြီး ​တောင်​သူတွေ နားလည်​​အောင်​ ရှင်းပြပါမယ်​။”လို့ ဆိုပါတယ်။

 

အဲဒီပိုးဟာ မိုးခေါင်တဲ့အချိန် ဒါမှမဟုတ် မိုးဦးကျကာလမှာ ကျတတ်​တဲ့သ​ဘောဖြစ်ပြီး မိုးများရင်​ အလိုလို​သေတယ်လို့ ဦးလှမိုးက ပြောပါတယ်။  အခု​ခေတ်​စား​နေတဲ့ ​င​မြောင်​​တောင်​ပိုးလို တစ်​​ကောင်​ကျတာနဲ့ သိန်း​ပေါင်းများစွာ ကျတတ်​တဲ့ပိုးမျိုးမဟုတ်​လို့ အရမ်းစိုးရိမ်စရာမလိုတဲ့အတွက် ပိုးသတ်ဆေးတွေ မလိုအပ်ဘဲ မသုံးသင့်ကြောင်းကိုလည်း ရှင်းပြပါတယ်​။

 

#voiceofmyanmar # ဇီးကုန်းမြို့နယ်ကလယ်မြေတချို့မှာကျိုင်းပိုးအမျိုးနွယ်ဝင်ပိုးတစ်မျိုးကျ #တောင်သူတွေစိုးရိမ် #သာယာဝတီ #ဇီးကုန်း #လယ်မကျေးရွာ

Related posts

Leave a Comment

VOM News

FREE
VIEW