မန္တလေးမြို့က ၃၈လမ်း၊ ၇၃×၇၈ လမ်းသစ်ကို ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် ဖွင့်လှစ်

မန္တလေး၊ဇွန် ၁၉-၂၀၁၉

ဟိန်းကို(VOM)

 

မန္တလေးမြို့မှာ ၃၈လမ်း၊ ၇၃×၇၈ လမ်းမအသစ်ကြီးကို ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ အထိမ်းအမှတ်တစ်ခုအဖြစ် ဖွင့်လှစ်ခဲ့ပါတယ်။

 

“လောလောဆယ် လမ်းနာမည်ကိုတော့ ၃၈ လမ်းလို့ပဲ သက်မှတ်ထားပါတယ်။ အမှန်အတိုင်းပြောရရင် ကျနော့်ရင်ထဲမှာတော့ အောင်ဆန်းစုကြည်လမ်းလို့ ပေးပြီးသားပါ။ ဒီမွေးနေ့အမီ အပြီးဖွင့်ဖို့ အားသွန်ခွန်စိုက်လုပ်ခဲ့တာ။ အရင်တုန်းကလို လမ်းကို ပြီးရင်ပြီးရော လုပ်ထားတာမဟုတ်ပါဘူး။” လို့ မန္တလေးမြို့တော်ဝန် ဒေက်တာရဲလွင်က ပြောပါတယ်။

 

မြို့တော်ဝန် ဒေါက်တာရဲလွင်ကနေ အဲဒီလမ်းကို ဒေါ်အောင်ဆန်းစုကြည်ရဲ့နာမည်ပေးဖို့   စိတ်ကူးထားတဲ့အကြောင်း အခုဖွင့်ပွဲမတိုင်ခင်က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြခဲ့ရာမှာ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

 

အဲဒီမြေနေရာကို အမှတ်(၇၆) ခြေလျင်တပ်ကပိုင်ဆိုင်တာဖြစ်ပြီး အခုလမ်းသစ်ဖောက်လုပ်ဖို့အတွက်  မြေနေရာကို တပ်မတော်ကနေ မြို့တော်စည်ပင်သာယာကို လှူဒါန်းခဲ့တာပါ။ အဲဒီလမ်းဖောက်ဖို့အတွက် ၂၀၁၇ ခုနှစ် ၇ လပိုင်းက မြို့တော်ဝန်နဲ့ တပ်မတော် ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပြီး ၂၀၁၈ ခုနှစ် ၁ လပိုင်းအကုန်လောက်မှာ လမ်းဖောက်လုပ်ဖို့အတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က အသုံးပြုခွင့် ပေးလိုက်တာ ဖြစ်ပါတယ်။

 

” အရည်အသွေးနဲ့ ပတ်သက်လို့ကတော့ ကျနော်စိတ်ချတယ်။ လမ်းတစ်လမ်းရဲ့ ရှိသင့်တဲ့ သက်တမ်းထက် ခံနိုင်အောင် လုပ်ထားတာပါ။ ဘာလို့ဆို ဒီလို တောရိုင်းဆန်တဲ့မြေမျိုးမှာ၊ ချိုင့်တွေနဲ့ ရေအိုင်တွေရှိနေတဲ့ နေရာမျိုးမှာ လမ်းတစ်လမ်းကို ကြာကြာခံအောင်လုပ်ဖို့ သိပ်ခဲရင်းပါတယ်။” လို့ ဒေါက်တာရဲလွင်က ဆိုပါတယ်။

 

အဲဒီ လမ်းမကြီးဟာ လမ်းအရှည်/အကျယ် ၂၈၆၀’×၆၀’၊ လမ်းမီးတိုင် ၆၀ နဲ့ စိန်ပန်းနီအပင် (၁၀၈) ပင် စိုက်ပျိုးထားပြီး ငွေကျပ် သန်းပေါင်း(၁၂၁၁.၁၇၆)လောက် သုံးစွဲကာ ဆောက်လုပ်ခင်းကျင်းထားတာ ဖြစ်ပါတယ်။ ယာဉ်ကြော ကြပ်တည်းမှုလျော့ချနိုင်ဖို့နဲ့ ပြည်သူတွေ သွားလာရတဲ့အချိန်၊ စက်သုံးဆီ ကုန်ကျမှုတွေ သက်သာစေဖို့အတွက် အခုလို လမ်းသစ်ကြီးတွေ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

 

#voiceofmyanmar # မန္တလေးမြို့က ၃၈လမ်း၊ ၇၃×၇၈ လမ်းသစ်ကို ဖွင့်လှစ်# ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်#

Related posts

Leave a Comment

VOM News

FREE
VIEW