မန္တလေး ကျောက်စိမ်းဈေးကွက် အရောင်းအဝယ် အရင်ကထက် ပိုအေး

မန္တလေး၊ ဇွန် ၂၀ ၂၀၁၉

နေခ(VOM)

 

ဒီရက်ပိုင်း မန္တလေးမြို့ မဟာအောင်မြေ ကျောက်ဝိုင်း ကျောက်စိမ်းဈေးကွက်က အရောင်းအဝယ်မရှိသလောက် အေးနေတယ်လို့ ကျောက်စိမ်းကုန်သည်အချို့ထံက သိရပါတယ်။

 

ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အသားကျောက်ပြပွဲအပြီးမှာ အရောင်းအဝယ်ပိုအေးနေတာပါ။ အဲဒီအသားကျောက်ပြပွဲကို ဇွန်လ ၈ ရက်ကနေ ၁၃ ရက်အထိ ကျင်းပခဲ့တာဖြစ်ပြီး ပြပွဲ မတိုင်ခင်ကတည်းက ကျောက်စိမ်း အရောင်းအဝယ် အေးနေပြီဖြစ်ပေမယ့် ပြပွဲပြီးကာလမှာတော့ ဈေးကွက်အနေအထား ပိုမို ဆိုးရွားလာခဲ့တယ်လို့  ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (မန္တလေး) ဥက္ကဌ ဦးသန်းဝင်းက ပြောပါတယ်။

 

အရောင်းအဝယ် အေးနေရခြင်းနဲ့ ပတ်သက်လို့  “တရုတ် နဲ့ အမေရိကန် ကုန်သွယ်ရေး စစ်ပွဲကြောင့်လည်း ပါမယ်။ ကျောက်စိမ်းက တရုတ်က ရောင်းရတာကိုး။” လို့ ဦးသန်းဝင်းက ဆိုပါတယ်။

 

မဟာအောင်မြေ ကျောက်ဝိုင်းဟာ မြန်မာနိုင်ငံရဲ့အကြီးမားဆုံး ကျောက်စိမ်း အချောထည် ဈေးကွက် တစ်ခု ဖြစ်ပြီး ကျောက်စိမ်း လွှာချပ်၊ အပွင့်၊ လက်ကောက် နဲ့ ကျောက်စိမ်းအမျိုးမျိုး အရောင်းအဝယ် ပြုလုပ်နေကြတာပါ။ အဓိကအားဖြင့် တရုတ်ကုန်သည်တွေနဲ့ အရောင်းအဝယ်လုပ်နေကြတာဖြစ်ပြီး အခုရက်ပိုင်းအတွင်းမှာ တရုတ်ကုန်သည်တွေ နေရပ်ပြန်သွားတာမျိုးတွေကြောင့်လည်း အရောင်းအဝယ်အေးနေတာ ဖြစ်ပါတယ်။

 

ကျောက်စိမ်း လွှာချပ်ကုန်သည် တစ်ဦးဖြစ်သူ ဦးနိုင်းနိုင်းကတော့ အခုလို အရောင်းအဝယ်ဈေးကွက် မကောင်းတာကြောင့် နေပြည်တော် အသားကျောက် ကျောက်မျက်ပြပွဲက ဝယ်ယူခဲ့တဲ့ ကျောက်စိမ်းတွဲတွေ ထုတ်ဖြစ်ရင်လည်း ဖြတ်တော် ဖြစ်ဦးမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

 

မဟာအောင်မြေကျောက်ဝိုင်းကို ပြည်တွင်းပြည်ပ ကျောက်စိမ်းကုန်သည်၊ လုပ်ငန်းရှင်တွေ နေ့စဉ်နဲ့အမျှ သောင်းနဲ့ချီဝင်ရောက်နေကြတာ ဖြစ်ပါတယ်။

 

#voiceofmyanmar # မန္တလေးကျောက်စိမ်းဈေးကွက်အရောင်းအဝယ်အရင်ကတွေထက်ပိုအေး #မဟာအောင်မြေ  #

Related posts

Leave a Comment

VOM News

FREE
VIEW