ပြည်တွင်းရွှေဈေး ဒီနှစ်အတွင်း အရင်စံချိန်တင်ဈေးကို ကျော်ပြီး ဒုတိယအကြိမ် စံချိန်ချိုး

မန္တလေး၊ ဇွန် ၂၂- ၂၀၁၉

နေသူ(VOM)

 

အခုရက်ပိုင်းအတွင်း ခေါက်ရွှေ တစ်ကျပ်သားကို ၁၁၁၁၅၀၀ ကျပ်နဲ့ ပြည်တွင်းရွှေဈေးကွက်မှာ အမြင့်ဆုံး စံချိန်တင် ဈေးနှုန်းအသစ်ကို ရောက်ရှိလာပြန်ကြောင်း အောင်သမာဓိ စိန်၊ ရွှေရတနာဆိုင်ရဲ့ ဈေးနှုန်းထုတ်ြပန်ချက်တွေအရ သိရပါတယ်။

 

ဒီနှစ်အတွင်းမှာ ပထမဆုံး စံချိန်တင်ဈေးနှုန်းဖြစ်ခဲ့တဲ့  ခေါက်ရွှေ တစ်ကျပ်သား ၁၀၈၈၀၀၀ ကျပ်ကနေ ပြီးခဲ့တဲ့ ၂၀ ရက်က အဖွင့်ဈေး ၁၀၉၆၀၀၀ ကျပ်ကို ကျော်ပြီး မနေ့ ဇွန် ၂၁ ရက်မှာတော့ စံချိန်တင် ဈေးနှုန်းအသစ်အဖြစ် ၁၁၁၁၅၀၀ ကျပ်အထိ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

 

“ကမ္ဘာ့ရွှေဈေး တအား တက်သွားလို့ တက်သွားတာပါ။ တကယ်တမ်း တွက်ကြည့်ရင် ဒေါ်လာဈေးနဲ့ တွက်ကြည့်ရင် ရွှေဈေးက ၁၁ သိန်းနဲ့ ၃ သောင်းကျော်အထိ ရှိတယ်။” လို့ မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးတင်ထွန်းက သုံးသပ်ပါတယ်။

 

မန္တလေးမြို့ ရွှေအရောင်းအဝယ် ဈေးကွက်မှာတော့ လက်တလောမှာ အဝယ်ထက် ပြန်ရောင်းကြတဲ့သူ ပိုများပြီး လက်ဝတ်လက်စားနဲ့ ရွှေအတုံး၊ အပိုင်းတွေကို ပြန်လည်ရောင်းချကြတယ်လို့ အောင်သမာဓိ စိန်၊ ရွှေ ရတနာဆိုင် ပြောရေးဆိုခွင့်ရှိသူ ဒေါ်ဇင်မီမီအောင်က ပြောပါတယ်။

 

“အခု ဒီ ၁၁ သိန်းဈေးက အခံဈေး ဖြစ်သွားနိုင်တယ်။ ဒီဈေးနှုန်း ပတ်ဝန်းကျင်မှာပဲ ရှိနေနိုင်တယ်။ ရွှေဈေးပြန်ကျရင် ပြန်ဝယ်ထားသင့်တယ်။ ရွှေအပိုင်းတွေနဲ့ ရင်းနှီးမြှုပ်နှံလုပ်ကိုင်သူ များလာတယ်။”လို့ ဒေါ်ဇင်မီမီအောင်က ဆိုပါတယ်။

 

ဒီနှစ်အတွင်း အရင်စံချိန်တင် ရွှေဈေးမှာ ဖေဖေါ်ဝါရီလက ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ဒီလ ၂၀ ရက်ကတစ်ကြိမ်  ၂၁ က်က တကြိမ် စံချိန်တင် ဆက်လက် မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။  ဒါပေမယ့် ဒီနေ့ နေ့လည်ပိုင်းမှာတော့ ခေါက်ရွှေတစ်ကျပ်သား ၁၁၀၅၅၀၀  ကျပ်၊ ၁၅ ပဲရည်တစ်ကျပ်သား ၁၀၄၀၅၀၀ ကျပ် ပြန်ဖြစ်သွားတယ်လို့ သိရပါတယ်။

 

#voiceofmyanmar # ပြည်တွင်းရွှေဈေး ဒီနှစ်အတွင်း အရင်စံချိန်တင်ဈေးကိုကျော်ပြီးဒုတိယအကြိမ် စံချိန်ချိုး # မန္တလေး   #

Related posts

Leave a Comment

VOM News

FREE
VIEW