ရန်ကုန်တိုင်းက စက်ရုံတွေမှာ ကလေးလုပ်သားခိုင်းစေမှု ရှိမရှိ စာရင်းကောက်ယူမယ်

ရန်ကုန် ၊ ဇွန် ၂၅

သိဂီ င်္( VOM)

 

ရန်ကုန်တိုင်း တောင်ဒဂုံနဲ့  ရွှေပြည်သာမြို့နယ်နှစ်ခုက စက်ရုံတွေမှာ ကလေးလုပ်သား ခိုင်းစေမှု ရှိမရှိ ကို ရန်ကုန်တိုင်း ကလေးလုပ်သား ပပျောက်ရေးကော်မတီကနေ မကြာမီ စစ်တမ်းကောက်ယူသွားမယ်လို့ သိရပါတယ်။

 

တစ်နိုင်လုံး အတိုင်းအတာအရ ရန်ကုန်မှာ စတင်လုပ်ဆောင်မှာဖြစ်ပြီး ကလေးအလုပ်သမား အမြစ်ပြတ် ဖယ်ရှားနိုင်ဖို့ကိုလည်း ကလေးအလုပ်သမားတွေအတွက်  ဘေးအန္တရာယ်ရှိတဲ့ လုပ်ငန်းခွင် စာရင်းကို ပြုစုသွားမှာဖြစ်ပါတယ်။ ဒီလုပ်ငန်းငန်းကို အမျိုးသားအဆင့် ဦးစားပေးလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

“ရန်ကုန်တိုင်းဒေသကြီး ကလေးလုပ်သားပပျောက်ရေးကော်မတီဆိုတာ ရှိပါတယ်။ အဲ့ဒီမှာ စာရင်းကောက်ယူရေးအဖွဲ့ဆိုတာ ရှိတယ်။ ဒါကိုစံပြအနေနဲ့ နယ်မြေနှစ်ခုမှာ စပီးကောက်ပါမယ်။ ကလေးလုပ်သားဆိုတာကို အသက်အပိုင်းခြားအလိုက် ခွဲခြားထားပါတယ်။”လို့  အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ထွန်းက ပြောပါတယ်။

 

အသက် ၁၄ နှစ်အောက်ဆိုရင် အလုပ်လုပ်ခွင့် လုံးဝပေးမှာမဟုတ်ဘဲ  အသက် ၁၄ ကနေ ၁၆ နှစ်ဆိုရင် တစ်ရက် လေးနာရီ အလုပ်လုပ်ခွင့် ရမယ်လို့ သိရပါတယ်။ ဒါကလည်း ဆရာဝန်ရဲ့ အလုပ်လုပ်နိုင်တယ်ဆိုတဲ့ ထောက်ခံချက်ပါ ရမှာ ဖြစ်ပါတယ်။

 

လက်ရှိ မြန်မာနိုင်ငံရဲ့ ကလေးဦးရေ ၁၂ သန်းကျော်မှာ  ၁.၁၃ သန်းကျော်(ကလေးဦးရေရဲ့ ၉ ဒသမ ၃ ရာခိုင်နှုန်း)က  ကလေးအလုပ်သမားအဖြစ်ရှိနေပြီး အဲ့ဒီ ကလေးအလုပ်သမားတွေထဲကမှ ထက်ဝက်ခန့်က ကိုယ်ခန္ဓာ၊ စိတ်ဓာတ်နဲ့ စာရိတ္တပိုင်းကို ထိခိုက်ပျက်စီးစေနိုင်တဲ့ ဘေးအန္တရာယ်ရှိ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ကိုင်နေရတယ်လို့ ၂၀၁၅ ခုနှစ် လုပ်သားအင်အား စစ်တမ်းက ဖော်ပြထားပါတယ်။

 

အများစုကလေးတွေဟာ ပုဇွန်မွေးမြူရေးကန်တွေ၊ စားသောက်ကုန်ထုတ်လုပ်တဲ့လုပ်ငန်းတွေ ၊ စက်ရုံတွေမှာ ရှိနေတယ်လို့ သိရပါတယ်။

 

ကလေးလုပ်သား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် ပထမ ၅ နှစ် စီမံကိန်းကို ရေးဆွဲထားပြီဖြစ်ပြီး ကလေးလုပ်သား ခိုင်းစေမှု ရှိမရှိ စစ်တမ်းကို အခုနှစ်ကနေ၂၀၂၃ အထိ စီမံကိန်းနယ်မြေ ၅ ခုရဲ့ဦးစားပေး နယ်ပယ်တွေဖြစ်တဲ့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေကို အရင်စစ်တမ်းကောက်ယူမှာဖြစ်ပြီး နောက်  ၅နှစ် စီမံကိန်းမှာတော့  ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေကို အလှည့်ကျဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။

 

 

လုပ်ငန်းခွင်တွေမှာ ကလေးတွေကို ခိုင်းစေခြင်းမပြုရင် ဒါမှမဟုတ် ကလေးလုပ်သားတွေ အလုပ်မလုပ်ရဆိုပြီး ရပ်ဆိုင်းလိုက်မယ်ဆိုရင် အခြားတဖက်မှာ  စီးပွားရေး ငွေရေး ကြေးရေး အခက်အခဲတွေ ရှိလာပြီး လုပ်ငန်းခွင်မှာ ၀င်ရောက် အလုပ်မလုပ်ရတဲ့အခါ ကလေးသူငယ်တွေ လမ်းမပေါ်ရောက်သွားကာ လမ်းဘေးဈေးသည်၊ လမ်းဘေး တောင်းရမ်းစားသောက်သူတွေ အဖြစ်ရောက်ရှိသွားနိုင်တဲ့ အခြေအနေတွေလည်း ရှိပါတယ်။

 

ဒါကြောင့် လုပ်ငန်းခွင်ရပ်ဆိုင်းတာနဲ့ တစ်ပြိုင်နက် အလုပ်အကိုင်မရှိတော့တဲ့ ကလေးငယ်တွေအတွက် နောက်ဆက်တွဲ ကူညီပေးဖို့အတွက်ပါ ထည့်သွင်းစဉ်းစားရမှာဖြစ်ပြီး ကလေးလုပ်သားတွေကို လိင်ဖျော်ဖြေရေးလုပ်ငန်းတွေမှာ ခိုင်းစေတာ၊ တရားဥပဒေနဲ့ ကိုက်ညီမှု မရှိဘဲ အတင်းခိုင်းစေမှုတွေ၊  အုပ်စုဖွဲ့ တောင်းရမ်းခိုင်းတဲ့ကိစ္စတွေဟာ အဆိုးရွားဆုံးလုပ်ငန်းတွေဖြစ်လို့ ဒီကိစ္စတွေကိုလည်း ဖော်ထုတ်အရေးယူမှုတွေ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

 

ဓါတ်ပုံ – လမ်းဘေးကလေးပပျောက်ရေး ကလေးအခွင့်အရေးဂရု

#voiceofmyanmar # စက်ရုံတွေမှာကလေးလုပ်သားခိုင်းစေမှု ရှိမရှိ စာရင်းကောက်ယူမယ်  # ရန်ကုန် #   # ရန်ကုန်တိုင်းကလေးလုပ်သားပပျောက်ရေးကော်မတီ # အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန #ကလေးလုပ်သား

 

Related posts

Leave a Comment

VOM News

FREE
VIEW