ရန်ကုန်၊ ဇူလိုင် ၇-၂၀၁၉
သူရိန် (VOM)
စစ်အာဏာရှင် မျက်နှာဖုံးကို ကျောင်းသား၊ ကျောင်းသူတွေက ခွာချပြခဲ့သည့် နေ့မှာ ရန်ကုန် တက္ကသိုလ်ကျောင်းသား သမဂ္ဂ အဆောက်အဦးကို ဗိုလ်နေဝင်း ဗုံးခွဲ ဖျက်ဆီးခဲ့တဲ့ နေ့ဖြစ်တဲ့ (၅၇)နှစ်မြောက် ဆဲဗင်းဂျူလိုင်နေ့ အောက်မေ့ဖွယ် အခမ်းအနားအဖြစ် ဗ. က. သများ အဖွဲ့ချုပ်က ဦးဆောင်ပြီး ရန်ကုန်မြို့ရှိ ဆင်ရေတွင်းမှတ်တိုင်မှ သမဂ္ဂ ရင်ပြင်နီသို့ လမ်းလျှောက်ချီတက်ခဲ့ပါတယ်။
အောက်မေ့ဖွယ် အခမ်းအနားမှာ ရန်ကုန်တက္ကသိုလ်အတွင်းရှိ သမဂ္ဂရင်ပြင်နီရှိ ဗိုလ်အောင်ကျော်ကျောက်တိုင်မှာ အလေးပြုပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗ. က. သ) က နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံထားရတဲ့ ကျောင်းသားပြည်သူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူး ကိုအောင်ဝင်းဇော်ဖြိုးက
‘ ခေတ်အဆက်ဆက်အစိုးရကလည်း ကျောင်းသားသမဂ္ဂအဆောက်အဦးနဲ့ ကျောင်းသားသမဂ္ဂသမိုင်းတွေကို ဖျောက်ဖျက်ခဲ့ကြတယ်။ အခုလက်ရှိအစိုးရကလည်း သမဂ္ဂအဆောက်အဦးနဲ့ပက်သက်ပြီးသမိုင်း အမှန်ဖော်ထုတ်ရေးထက် သမိုင်းကို ဖုံးကွယ်တဲ့လုပ်ဆောင်ချက်တွေလုပ်နေတာကိုတွေ့နေရတယ်။ ဒါကြောင့်ဒီလုပ်ရပ်တွေကိုရပ်တန်းကရပ်ပြီး သမိုင်းအမှန်ကိုဖော်ထုတ်ပြီး သမဂ္ဂအဆောက်အဦးပြန်လည်တည်ဆောက်ရေးကိစ္စရပ်နဲ့ပက်သက်ပြီး သမဂ္ဂမျိုးဆက်အသီးသီးရဲ့သဘောထားနဲ့ ရှေ့ဆက်လုပ်ဆောင်သင့်ပါတယ်” လို့ ပြောပါတယ်။
အဲဒီနောက် နေ့လယ် ၂ နာရီ မှာ သမဂ္ဂရဲဘော်တွေ ၊ ကျောင်းသားပြည်သူတွေက တံတားဖြူမှတ်တိုင်ကနေ သမဂ္ဂရင်ပြင်နီအထိ ချီတက်လမ်းလျှောက်အလေးပြုကြဦးမယ်လို့လည်း သိရပါတယ်။
#voiceofmyanmar #ဆဲဗင်းဇူလိုင် #ရန်ကုန်တက္ကသိုလ် #ဗကသ