မြေပုံမြို့နယ်မှာ အရပ်သားနှစ်ဦးသတ်ဖြတ်ခံရ

မြေပုံ၊ ဇူလိုင် ၇-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ပေါက်တူးတောင်ကျေးရွာမှာ ဇူလိုင်လ ၅ ရက်နေ့ညက ရွာသားနှစ်ဦး လုပ်ကြံသတ်ဖြတ်ခံ လိုက်ရကြောင်း ဒေသခံတွေကပြောပါတယ်။

 

သတ်ဖြတ်ခံလိုက်ရသူတွေဟာ ပေါက်တူးတောင်ကျေးရွာ၊ အောင်သပြေရပ်ကွက်မှာနေထိုင်တဲ့ ယောက္ခမဖြစ်သူ ဦးမောင်ဘကျန် ၅၈ နှစ်နဲ့ သားမက်ဖြစ်သူ ကိုပိုင်သက်ကျော် ၂၆ နှစ် တို့ဖြစ်ကြပြီး ယောက္ခမဖြစ်သူမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခြင်းဖြစ်ကာ သမက်ဖြစ်သူမှာ ဓါးဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရတာဖြစ်ပါတယ်။

 

“သောကြာနေ့ ညနေ ၈ နာရီကျော်လောက်မှာဖြစ်တာပါ။ အိမ်ကိုလူနှစ်ယောက်ရောက်လာပြီးတော့ ပစ်ခတ်သွားတယ်လို့ သိရပါတယ်။ ပစ်ခတ်သွားတဲ့ကျည်ခွံတွေကိုလည်းတွေ့ရတယ်။ ဘယ်အဖွဲ့အစည်းကပစ်တယ်ဆိုတာတော့ မသိဘူး။”လို့ ကျေးရွာအုပ်ချုပ်ရေးမှူးကပြောပါတယ်။

 

ယောက္ခမဖြစ်သူ ဦးမောင်ဘကျန်ဟာ ထမင်းစားနေတဲ့ မီးဖိုချောင်မှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေခြင်းဖြစ်ပြီး သမက်ဖြစ်သူ ကိုပိုင်သက်ကျော်ကိုတော့ အိမ်ရှေ့ဝရံတာပေါ်မှာ သေဆုံးလျက်တွေ့ရကြောင်း ဆက်လက်ပြောကြားပါတယ်။

“ဦးမောင်ဘကျန်အိမ်ကို မိုးကာအင်္ကျီခေါင်းချုပ်နဲ့လူတွေရောက်လာပြီးတော့ အိမ်ပေါ်တက်ပြီးသတ်သွားတာလို့သိရတယ်။ သေနတ်သံတွေကိုတော့ကြားလိုက်ရတယ်။ ခေါင်းကိုချုပ်ထားတော့ ဘယ်သူတွေဆိုတာကိုလည်းမသိလိုက်ရဘူးပေါ့။”လို့ ကျေးရွာသားတစ်ဦးကပြောပါတယ်။

 

အဲ့ဒီသတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ပါတ်သက်လို့ မြေပုံမြို့နယ် ကမ်းထောင်ကြီးရဲစခန်းကနေ စစ်ဆေးမှုတွေပြုလုပ်လျက်ရှိနေပြီး ဘယ်အဖွဲ့အစည်းက လာရောက်သတ်ဖြတ်တယ်ဆိုတာကို မသိရှိရသေးတာဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့ညနေပိုင်းကလည်း မြေပုံမြို့နယ်ခွဲ ကမ်းထောင်းကြီးမြို့ အလယ်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းမောင်ချေကို သေနတ်သမားတွေလာရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရခိုင်ပြည်နယ်အတွင်းမှာ အခုလိုမျိုး သတ်ဖြတ်ခံရမှု ၅ ဦးထက်မနည်းရှိနေပြီဖြစ်ပါတယ်။

 

#voiceofmyanmar #မြေပုံ #အရပ်သားနှစ်ဦးသတ်ဖြတ်ခံရ #ရခိုင်ပြည်နယ်

Related posts

Leave a Comment

VOM News

FREE
VIEW