စုပေါင်းရာဇ၀တ်တရားရုံးသာ တည်ဆောက်ပြီးရင် အချုပ်သားတွေကို အမြန်ဆုံး စီရင်ချပေးနိုင်မယ်

ရန်ကုန်၊ ဇူလိုင် ၉ – ၂၀၁၉

သိင်္ဂီ(VOM)

 

 

စုပေါင်း ရာဇ၀တ်တရားရုံးသာ တည်ဆောက်ပြီးသွားရင် ရန်ကုန်တိုင်းရဲ့တရားစီရင်ရေးမဏ္ဍိုင် ပိုမိုအားကောင်းပြီး တရားဥပဒေစိုးမိုးရေးကို တိုးမြှင့်ဆောင်ရွက်နိုင်မှာဖြစ်သလို အချုပ်သားတွေကို အမြန်ဆုံး စီရင်ချက်ချနိုင်မယ်လို့  ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

 

“အကျဉ်းထောင်ထဲမှာ ရှိနေတဲ့ အချုပ်သား ၇၀၀၀ ကိုအမြန်ဆုံး စီရင်ချက်ချပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလူတွေကို တရားရုံးကို ရုံးမထုတ်ဘဲနဲ့ မှုခင်းတွေကို တစ်နှစ်အတွင်းမှာ ပြီးပြတ်အောင် စစ်ဆေးနိုင်ဖို့ဆိုတာ အလွန်ခက်ခဲသွားမှာ ဖြစ်ပါတယ်။ စုပေါင်းရာဇ၀တ်တရားရုံးအောင်မြင်သွားရင်တော့  အပြစ်ရှိတဲ့သူကို မြန်မြန်စီရင်ချက်ချ၊ အပြစ်ပေးနိုင်ပြီး အပြစ်မရှိသူကို မြန်မြန် လွှတ်ပေးနိုင်မှာဖြစ်တယ်။ ရုံးထုတ်တဲ့အချိန်၊ သက်သေထွက်ရတဲ့အချိန် တရားစွဲဆိုတင်ရတဲ့ ရဲတပ်ဖွဲ့တွေရော တစ်နေရာတည်း တစ်ကြိမ်တည်း ဆောင်ရွက်ရမယ့် အခြေနေရှိပါတယ်။”လို့ ဆိုပါတယ်။

 

မနေ့ ဇူလိုင် ၈ ရက်က ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးမှာ ရန်ကုန်တိုင်းတရားလွှတ်တော်က ပြုလုပ်ခဲ့တဲ့ နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ် ရှင်းလင်းခြင်းအခမ်းအနားမှာ တရားစီရင်ရေးမဏ္ဍိုင်နဲ့ပတ်သက်ပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

လက်ရှိမှာ စုပေါင်းရာဇ၀တ်တရားရုံးကို အင်းစိန်အကျဉ်းထောင်ရဲ့ လမ်းမဘေးတစ်ဖက်ခြမ်းမှာ တည်ဆောက်ဖို့ ဆောင်ရွက်ထားပြီး အဲဒီအတွက် ၂၀၁၈- ၁၉ ဘဏ္ဍာ နှစ်မှာ ၁.၆ ဘီလီယံ လျာထားတယ်လို့ သိရပါတယ်။ စုပေါင်းရာဇ၀တ်တရားရုံး တည်ဆောက်ပြီးသွားပါက ရန်ကုန်တိုင်းအတွင်းက ရာဇ၀တ်မှုတွေကို အဲ့ဒီတရားရုံးမှာ စစ်ဆေးမှာဖြစ်ပြီး အမှုတွေကို အမြန်ဆုံး စီရင်ချက် ချနိုင်မှာ ဖြစ်ပါတယ်။

 

လက်ရှိ ရန်ကုန်တိုင်းမှာ ခရိုင်တရားရုံး၊ တိုင်းတရားရုံးအပါအဝင် စုစုပေါင်း တရားရုံး ၅၀ နဲ့အထက်ရှိနေတယ်လို့ သိရပါတယ်။ တရားစီရင်ရေးအတွက် တိုင်းအတွင်း  မြို့နယ် ၄၄ ခုက အချုပ်သားတွေ နေ့စဉ်နဲ့အမျှ ထုတ်နေရမှုတွေထဲမှာမှ အင်းစိန်ထောင်ကတော့ အချုပ်သား ၇၀၀၀ လောက်ရှိတယ်လို့ သိရပါတယ်။ ဒီအရေအတွက်က ရမန်ကြီး ၁၄ ရက်၊ ရမန်လေး ၇ ရက်အတွင်းမှာ အချုပ်သားတွေကို ရုံးထုတ်နေရတာ ဖြစ်ပါတယ်။

 

ဒါကြောင့် တိုင်းအတွင်း တရားစီရင်ရေး မဏ္ဍိုင်နဲ့ပတ်သက်ပြီး မြန်ဆန်မှုရှိစေဖို့ သက်ဆိုင်ရာ တရားစီရင်ရေးအတွက် ပူးပေါင်း ပါဝင်ရမယ့်သူတွေ အားလုံး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ဖို့ ဆွေနွေးမှု၊ အသိပညာပေးမှုတွေပူးပေါင်းလုပ်ကြဖို့လည်း ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။

 

အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်တဲ့ ရဲတပ်ဖွဲ့အနေနဲ့လည်း ဖမ်းဆီးတဲ့နေရာ၊ ဖမ်းဆီးပြီးနောက်ပိုင်း ဥပဒေအကြံပြုချက်တွေရယူတဲ့အခါ မှန်မှန်ကန်ကန်နဲ့ အမြန်ဆုံးဆောင်ရွက်နိုင်ဖို့ ၊ သက်ဆိုင်ရာတရားစွဲဌာနတွေကနေ အမှုတွေကို မြန်မြန်ပြီးပြတ်အောင် လုပ်ဆောင်ပေးဖို့လည်း လိုအပ်ပါတယ်။

 

#voiceofmyanmar #စုပေါင်းရာဇ၀တ်တရားရုံး #တည်ဆောက်ပြီးရင်အချုပ်သားတွေကိုအမြန်ဆုံး စီရင်ချပေးနိုင်မယ် #ရန်ကုန် #ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း

Related posts

Leave a Comment

VOM News

FREE
VIEW