တင့်ကားတစ်ရာကျော်အပါအ၀င် စစ်လက်နက်တွေ အမေရိကန်က ထိုင်ဝမ်ကိုရောင်းတော့မယ်

ဝါရှင်တန်၊ ဇူလိုင်-၉-၂၀၁၉

မျိုးဆက် (VOM)

 

အမေရိကန်ဟာ ထိုင်ဝမ်ကို ခန့်မှန်းခြေ ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ လက်နက်တွေ ရောင်းချရေးနဲ့ ပတ်သက်လို့ သဘောတူညီချက်တစ်ခုကို  အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။

 

အဲဒီ ရောင်းချမယ့် သဘောတူညီချက်မှာတော့ ထိုင်ဝမ်သို့ အေဘရမ်တင့်ကား ၁၀၈ စီး၊ စတင်းဂါးဒုံးကျည် ၂၅၀ နဲ့  ဆက်စပ်တဲ့ စစ်လက်နက်ပစ္စည်းကိရိယာတွေ ပါဝင်ပါတယ်။

 

ဒီလိုရောင်းချတာကို ရပ်ဆိုင်းဖို့ အမေရိကန်ကို  တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့လအတွင်းက တိုက်တွန်းခဲ့ပြီး ဒီကိစ္စဟာ အလွန်အကဲဆတ်ပြီး ထိခိုက်ပျက်စီးစေတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဆိုပါတယ်။

 

တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို ခွဲထွက်လိုတဲ့ဒေသတစ်ခုအဖြစ် ရှုမြင်ထားပြီး တရုတ်ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ရင်  စစ်အင်အားအသုံးပြုမယ်လို့ ပြောဆိုထားပါတယ်။

 

ထိုင်ဝမ်ကို လက်နက်တွေရောင်းချလိုက်ရင်တောင် ဒေသအတွင်း အခြေခံစစ်ရေးချိန်ခွင်လျှာကို ပြောင်းလဲမှာမဟုတ်ဘူးလို့ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ ကာကွယ်ရေးဆိုင်ရာ လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုဌာနက ထုတ်ပြန်ထားပြီး လက်နက်ရောင်းချမှုနဲ့ ပတ်သက်ပြီး ကွန်ဂရက်ကို အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။

 

ထိုင်ဝမ်အတွက် လက်နက်တွေအဓိကထောက်ပံ့တဲ့ အမေရိကန်ကို အထူးကျေးဇူးတင်ကြောင်း ထိုင်ဝမ်သမ္မတရုံးက ထုတ်ဖော်ပြောဆိုထားပြီး အမေရိကန်နဲ့ နက်ရှိုင်းတဲ့ လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ သမ္မတပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

 

Ref : BBC

Photo : Getty Images

 

#voiceofmyanmar # တင့်ကားတစ်ရာကျော်အပါအ၀င်စစ်လက်နက်တွေရောင်းမယ် #အမေရိကန် #ထိုင်ဝမ် #တရုတ် #၀ါရှင်တန် #ပင်တဂွန်စစ်ဌာနချုပ်

Related posts

Leave a Comment

VOM News

FREE
VIEW